BIGBANG အဖွဲ့နဲ့ ဓာတ်ပုံတွဲရိုက်ရာမှာ စည်းကမ်းတင်းကျပ်တာကြောင့် ကိုယ်ပိုင်ဖုန်းနဲ့ရိုက်ခွင့်မရဘူးဆိုတဲ့ ဝါရင့်မင်းသားကြီး ချောင်ယွန်ဖတ်

Image_248CFE9E-6B38-4924-8C43-F542525FC1E9.jpeg

ဝါရင့်ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖတ်ဟာ BIGBANG အဖွဲ့ရဲ့ ဟောင်ကောင်ဖျော်ဖြေပွဲကို သွားရောက်အားပေးခဲ့စဉ် ပွဲအပြီး စင်နောက်ဘက်မှာ BIGBANG အဖွဲ့သားတွေနဲ့ ဓာတ်ပုံတွဲရိုက်ရာ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် သူ့ရဲ့ကိုယ်ပိုင်ဖုန်းကိုတောင် အသုံးပြုခွင့်မရခဲ့တဲ့အကြောင်း မီဒီယာတွေကို ဟာသနှောပြီး ပြန်လည်ပြောပြခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ ဟောင်ကောင်ရှိ Kai Tak Stadium မှာ ကျင်းပခဲ့တဲ့ BIGBANG (G-Dragon, Taeyang, Daesung) ရဲ့ XX: Cosmos ကမ္ဘာလှည့်ဖျော်ဖြေပွဲ နောက်ဆုံးည (နိုဝင်ဘာ ၁၇ ရက်) ကို ချောင်ယွန်ဖတ်က ဖိတ်ကြားခံဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ G-Dragon (GD) က ပရိသတ်ထဲမှာ ရှိနေတဲ့ ချောင်ယွန်ဖတ်ကို စင်ပေါ်ကနေ နာမည်တပ်ပြီး “အမြဲတမ်း နုပျိုနေတဲ့ စူပါစတား (Forever young superstar)” လို့ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ Oxfam Trailwalker ပွဲအပြီး HK01 မီဒီယာနဲ့ တွေ့ဆုံရာမှာ ချောင်ယွန်ဖတ်က BIGBANG ရဲ့ ရှိုးပွဲဟာ အရမ်းကောင်းမွန်ကြောင်း ချီးကျူးခဲ့သလို စင်နောက်ဘက်က လုံခြုံရေးနဲ့ စည်းကမ်းပိုင်း တင်းကျပ်ပုံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ “ဖုန်းက သူတို့မန်နေဂျာဘက်က ကိုင်ထားတာ၊ ကျွန်တော့်ကိုယ်ပိုင်ဖုန်းကိုတောင် ကိုင်ခွင့်မပေးဘူးဟုတ်တယ်၊ ပွဲစီစဉ်သူဘက်က ပြင်ဆင်ပေးတဲ့ ဖုန်း/ကင်မရာနဲ့ပဲ ရိုက်ခဲ့ရတယ်”တဲ့။

အသက် ၇၁ နှစ်အရွယ် မင်းသားကြီးက သူဟာ ဇနီးဖြစ်သူ Mrs. Chow (Jasmine Tan) ကို အဖော်လိုက်ပေးရုံသက်သက် ပွဲလာကြည့်တာဖြစ်ကြောင်း နောက်ပြောင်ခဲ့ပါတယ်။ သူ့ဇနီးဟာ BIGBANG အဖွဲ့ဝင် ဘယ်သူ့ကို အကြိုက်ဆုံးလဲလို့ မေးတဲ့အခါ “သူက ၃ ယောက်လုံးကို ကြိုက်တာ၊ ကျွန်တော်တစ်ယောက်တည်းကိုပဲ မကြိုက်တာ” လို့ ရယ်မောပြီး ဖြေကြားခဲ့ပါတယ်။

ချောင်ယွန်ဖတ်နဲ့ GD တို့ဟာ ၂၀၁၅ ခုနှစ် MAMA ဆုပေးပွဲကတည်းက ခင်မင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး GD က ချောင်ယွန်ဖတ်ကို သူ့ရဲ့ Idol အဖြစ် လေးစားအားကျသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ MAMA ဆုပေးပွဲမှာလည်း ချောင်ယွန်ဖတ်က GD ကို Artist of the Year ဆု ကိုယ်တိုင်ချီးမြှင့်ပေးခဲ့ပြီး အခုဖျော်ဖြေပွဲမှာ တစ်နှစ်အကြာ ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြတာ ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ဖုန်းနဲ့ပဲ ရိုက်ကူးခဲ့ရတာကြောင့် အဲဒီစင်နောက်ဘက်က ဆယ်လ်ဖီပုံဟာ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခြင်း မရှိသေးဘဲ “ပုံတွေက Mrs. Chow ဆီမှာ ရှိလိမ့်မယ်၊ သူ့ဆီ ဖုန်းဆက်မေးကြည့်ကြပါ” လို့ ချောင်ယွန်ဖတ်က အရွှန်းဖောက် ပြောဆိုထားပါတယ်။

Ref: Chow Yun Fat Says BigBang’s Team Is So Strict He Couldn’t Use His Own Phone To Take Selfie With Them After Concert

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top