တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ အိမ်မွေးခွေးလေးတစ်ကောင်ဟာ သူ့သခင်ကွယ်လွန်သွားပြီးနောက် ရက်သတ္တပတ်များစွာကြာအောင် အိမ်အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ပြီး အစားစားဖို့နဲ့ ရေသောက်ဖို့လည်း ငြင်းဆန်နေခဲ့ပါတယ်။ သူ့ရဲ့သစ္စာရှိမှုက အဲ့ဒီပတ်ဝန်းကျင်မှာ နေထိုင်သူတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့နှလုံးသားကို ကိုင်လှုပ်စေခဲ့ပါတယ်။ အာဝမ် (နာမည်ပြောင်) ဆိုတဲ့ အဲ့ဒီခွေးလေးကို ဂျပန်က သခင်သေဆုံးပြီးနောက် ရထားဘူတာမှာ စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေးကို ရည်ညွှန်းပြီး ရှန်ဟိုင်းရဲ့ ဟာချိကိုလို့ တင်စားခေါ်ဝေါ်နေကြပါတယ်။
အာဝမ်ရဲ့သခင် ဂါအိုအမည်ရတဲ့ အသက်ကြီးအမျိုးသားဟာ တစ်ယောက်တည်းနေထိုင်ခဲ့ပြီး အာဝမ်ကို ဆယ်စုနှစ် ၁ ခုနီးပါး မွေးထားခဲ့တာပါ။ အိမ်နီးနားချင်းတွေကလည်း အာဝမ်ကို ချစ်ခင်ကြပြီး ကလေးတွေကို ဘယ်တော့မှ မကိုက်တဲ့ နာခံတဲ့ခွေးလေးအဖြစ် ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ဂါအိုက ရုတ်တရက်ဖျားနာမှုကြောင့် ကွယ်လွန်သွားခဲ့ပြီး အာဝမ်ကို တစ်ကောင်တည်း ထားရစ်ခဲ့ပါတယ်။ အာဝမ်က ဂါအိုရဲ့အိမ်အပြင်ဘက်မှာ သခင်ပြန်အလာကိုစောင့်နေသလို နေ့တိုင်း စောင့်ဆိုင်းနေခဲ့တာကို အိမ်နီးနားချင်းတွေက သတိပြုမိခဲ့ပါတယ်။ အိမ်နီးနားချင်းတွေက ဆောင်းတွင်းမှာ အာဝမ် နွေးအောင်လို့ အဝတ်တွေခင်းပေးခဲ့ပြီး ခွေးစာတွေလည်း ထားပေးခဲ့ပါတယ်။ ဒါပေမဲ့ အာဝမ်က အစာတွေကို ထိတောင်မထိခဲ့ပါဘူး။
ဇန်နဝါရီ ၆ ရက်နေ့က အာဝမ်ဟာ ရုတ်တရက်ပျောက်သွားခဲ့ပြီး ရပ်ကွက်နေသူတွေကို စိုးရိမ်သွားစေခဲ့ပါတယ်။ တချို့တွေက သူ့သခင်နောက်ကို အာဝမ် လိုက်သွားမှာစိုးနေခဲ့ပါတယ်။ “လူတွေပြောကြတာက ခွေးလေးတစ်ကောင်ဟာ ရက်တော်တော်ကြာ အစာမစား၊ ရေမသောက်တော့ဘဲ ထွက်ပြေးသွားခဲ့ရင် သေဆုံးဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှိတတ်တယ်”လို့ အိမ်နီးချင်းတစ်ယောက်က ဆိုထားပါတယ်။
အာဝမ် ပျောက်သွားတဲ့အကြောင်းက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပြီး အာဝမ်ကို ရှာဖွေမှု တိုးလာခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ အာဝမ်ကို ရှာတွေ့ခဲ့ပါတယ်။ အာဝမ်က အရမ်းအဝေးကြီးမသွားခဲ့ပါဘူး။ ရပ်ကွက်ထဲမှာပဲ နေထိုင်သူတစ်ဦးက ထူထပ်တဲ့ချုံထဲမှာ ကွေးနေတဲ့ အာဝမ်ကို မြင်ခဲ့တာပါ။ ရှာဖွေနေတယ်ဆိုတဲ့သတင်းကို တွေ့တဲ့အချိန်မှ သူ အစာကျွေးနေတာ ၂ ရက်လောက်ရှိပြီဖြစ်တဲ့ လေလွင့်ခွေးလေးက အာဝမ်ဖြစ်တယ်ဆိုတာ သိခဲ့ရတာပါ။
အာဝမ်က တုန်ရီနေပြီး တစ်ချိန်လုံး ငိုနေတယ်လို့ သူက ပြောပါတယ်။ အာဝမ်ကို တွေ့သွားပြီးတဲ့နောက် ရပ်ကွက်ကော်မတီရုံးက တာဝန်ရှိသူတွေဟာ အာဝမ်ကို ဝက်အူချောင်းတွေကျွေးခဲ့ပါတယ်။ အစပိုင်းမှာ စားဖို့ ငြင်းဆန်ခဲ့ပြီး နောက်တော့ ၁၀ ချောင်းလောက် စားခဲ့ပါတယ်။
သခင်သေဆုံးသွားတာက အိမ်မွေးတိရစ္ဆာန်ကို စိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီး ချုံပုတ်တွေထဲမှာ ပုန်းအောင်းချင်စိတ်ဖြစ်စေတယ်လို့ Shanghai Jiege Pet Animal Garden ရဲ့မန်နေဂျာက ပြောပါတယ်။ နောက်တော့ အာဝမ်ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေလုပ်ဖို့ တိရစ္ဆာန်ဆေးကုခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အာဝမ်ရဲ့ဇာတ်လမ်းလေးက ပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်လာမှာဖြစ်ပါတယ်။
သခင်ဖြစ်သူ ဂါအိုရဲ့သားက အာဝမ်ကို မွေးဖို့ဆန္ဒမရှိပေမဲ့ ဂါအိုရဲ့အိမ်နီးချင်းတွေထဲက တစ်ယောက်က အာဝမ်ကို မွေးဖို့ ကမ်းလှမ်းလာခဲ့ပြီး အာဝမ်အတွက် နွေးထွေးတဲ့အိမ်လေးထောက်ပံ့သွားမှာဖြစ်ပါတယ်။
Ref: Dog in China waits outside deceased owner’s house for weeks, refused food & water from others
WL (ရိုးရာလေး)

