တရုတ်စစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေမှာ အမေရိကန် နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်နယ်ထရမ့် ပိတ်ပင်

intl05.jpg

တရုတ်စစ်တပ်က ပိုင်ဆိုင်တဲ့ (သို့)ထိန်းချုပ်ထားတဲ့ တရုတ်လုပ်ငန်းစုတွေမှာ အမေရိကန်နိုင်ငံသားတွေကို ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်တဲ့ သမ္မတညွှန်ကြားချက်အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်စစ်တပ်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနေပြီး အမေရိကန်နိုင်ငံလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်ဆိုတဲ့ တရုတ်ကုမ္ပဏီ ၃၁ ခုအတွက် ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်လိုက်တာပါ။

နာမည်ပျက်စာရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ စမတ်ဖုန်းထုတ်လုပ်တဲ့ Huawei ကုမ္ပဏီ၊ စောင့်ကြည့်ရေးဗီဒီယိုကိရိယာတွေ ထုတ်လုပ်၊ ပံ့ပိုးသူတွေထဲမှာ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Hikvision တို့ ပါဝင်ပါတယ်။ China Telecom၊ China Mobile စတဲ့ ကုမ္ပဏီတချို့က နယူးယော့ခ်စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဲဒီကုမ္ပဏီတွေက ထူထောင်ထားတဲ့ (သို့)ဆက်နွှယ်နေတဲ့ ဖူလုံရေးစနစ်တွေကို ပိုင်ဆိုင်ခွင့်၊ ကူးသန်းရောင်းဝယ်တာမျိုးလည်း လုပ်ခွင့်မရှိပါဘူး။ နာမည်ပျက်စာရင်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေမှာ ပင်စင်ရန်ပုံငွေ ထူထောင်တာမျိုး၊ ရှယ်ယာပိုင်ဆိုင်တာမျိုးလည်း လုပ်ခွင့်မရှိပါဘူး။ ရင်းနှီးမြှုပ်နှံထားပြီးသူတွေအနေနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမတိုင်ခင်အထိ အဲဒီကုမ္ပဏီတွေထံကနေ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးပြန်လည်ထုတ်ယူခွင့်ရှိပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ နည်းပညာအားပြိုင်မှုတွေ အရှိန်မြင့်နေတုန်း ဇန်နဝါရီလ ၁၁ ရက်မှာ စတင်အကျုံးဝင်မယ့် အဲဒီညွှန်ကြားချက်အမိန့် ထွက်ပေါ်လာခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top