လက်သည်းခွံလောက်ပဲရှိပြီး လေယာဉ်အင်ဂျင်သံလောက် အသံထုတ်လွှတ်နိုင်တဲ့ ငါး

14.6.2024-yyl-1.jpg

ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းမြင်နေရပြီး လက်သည်းခွံလောက်သာရှိတဲ့ Danionella cerebrum ငါးဟာ ခရီးသည်တင် လေယာဉ်အင်ဂျင်လောက် အသံထုတ်လုပ်နိုင်စွမ်းရှိတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။

၁၂ မီလီမီတာလောက်ပဲရှိတဲ့ Danionella cerebrum ငါးဟာ အသံထုတ်လွှတ်တဲ့ ကြွက်သားတွေနဲ့ အရိုးနုကို အသုံးပြုပြီး သေနတ်ပစ်ဖောက်သံလို ကျယ်လောင်လွန်းတဲ့ အသံမျိုး ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်အရ Danionella cerebrum ငါးဟာ အသံအကျယ်ဆုံး ထုတ်လုပ်နိုင်တဲ့ သတ္တဝါစာရင်းမှာ ထိပ်ပိုင်းစာရင်း ဝင်ခဲ့ပါတယ်။

” ဒီငါးသေးသေးလေး ထုတ်လွှတ်တဲ့အသံကို အနီးကပ်နားထောင်ရင် ၁၄၀ ဒက်ဆီဘယ်ကျော် ရှိပါတယ်။ အဲဒီပမာဏဟာ လေယာဉ်ပျံတက်တော့မယ့်အချိန်မှာ မီတာ ၁၀၀ လောက်ကနေ ကြားရတဲ့အသံမျိုးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်” လို့ ဆန်ကန်ဘတ်သဘာဝသမိုင်းစုဆောင်းရေးဌာနမှ ငါးပညာရှင် ဒေါက်တာ ရက်ဖ်ဘရစ်ဇ်က ဆိုပါတယ်။

Danionella cerebrum ငါးကို ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်ခွဲခြားနိုင်ခဲ့တာ ဖြစ်ပေမဲ့ Danionella translucida ငါးမျိုးစိတ်နဲ့ သူတို့ကြားက ခန္ဓာကိုယ်သွင်ပြင်ပိုင်းဆိုင်ရာ ခြားနားချက်တွေကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကျမှသာ သီးသန့်မျိုးစိတ်တစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြတာပါ။ ငါးမျိုးစိတ် ၂ ခုလုံးက အလွန်သေးငယ်သလို အလွန်တူညီတဲ့အတွက် သူတို့ရဲ့ ကွဲပြားမှုကို အဏုမြူမှန်ပြောင်းနဲ့ ကြည့်မှသာ မြင်နိုင်တာပါ။

ဒါပေမဲ့ အခုတွေ့ရှိချက်ကတော့ Danionella cerebrum ငါးနဲ့ Danionella translucida ငါးမျိုးစိတ်ကြား မတူကွဲပြားတဲ့အချက်တစ်ချက် ဖြစ်နေပြန်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Danionella cerebrum ငါးအထီးတွေမှာ အရိုးပိုမာတာကြောင့် အသံ ကျယ်လောင်စွာ ထုတ်လွှတ်နိုင်ပေမဲ့ ငါးအမတွေကတော့ အရိုးပျော့လို့ အသံကျယ်ကျယ် ထုတ်လွှတ်နိုင်ခြင်း မရှိပါဘူး။

Ref: Fish the Size of a Human Fingernail Is as Loud as a Jet Engine

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top