အလုပ်လုပ်နိုင်စွမ်းရှိတဲ့မသန်စွမ်းတွေ အလုပ်လက်မဲ့ဘဝရောက်နေ

67697819_1554199728056081_3216882791912308736_n.jpg

အချို့သောမသန်စွမ်းသူတွေဟာ အလုပ်လုပ်နိုင်စွမ်းရှိရဲ့နဲ့ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးမှု အားနည်းနေတာကြောင့် အလုပ်လက်မဲ့ဘဝရောက်ရှိနေကြတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ဝေဖန်ထောက်ပြလိုက်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းစစ်တမ်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ (၂၃) သိန်းခန့် ရှိပြီး (၁၈) ရာခိုင်နှုန်းနဲ့ (၂၃) ရာခိုင်နှုန်းကြားထဲကမသန်စွမ်းသူတွေဟာ အလုပ်လုပ်နိုင်စွမ်း ရှိကြပါတယ်။ အဲဒီအထဲကမှ (၁၅) ရာခိုင်နှုန်း လောက်ပဲ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြတာဖြစ်ပါတယ်။

”အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ သမ္မာအာဇီဝနဲ့ ဖြူစင်စွာရှာဖွေခြင်းက ဂုဏ်သိက္ခာရှိပါတယ်။ ဒါပေမဲ့ ထိုက်သင့် လျောက်ပတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့အလုပ်ပေါ့။ မသန်စွမ်းသူကို ဘွဲ့ရပေမယ့် သန့်ရှင်းရေးခန့်လိုက်တာမျိုးတွေက မဖြစ်သင့်ပါဘူး”လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရရှိကြတဲ့ (၁၅) ရာခိုင်နှုန်းထဲမှာ (၃) ရာခိုင်နှုန်းလောက်ပဲ ဂုဏ်သိက္ခာရှိတဲ့ အလုပ်တွေကို လုပ်နေကြရတာဖြစ်ပါတယ်။ ကျန်တဲ့မသန်စွမ်းအများစုက အိမ်တွင်းမှုလုပ်ငန်းတွေ၊ ပန်းရောင်းတာ၊ ထီရောင်းတာ၊ ဂျာနယ်ရောင်းတာလိုမျိုး ကျပန်းလုပ်ရတာတွေဖြစ်ပါတယ်။

သန်းခေါင်စာရင်းစစ်တမ်းတွေ၊ ယူနီဆက်ဖ်စစ်တမ်းတွေ၊ ပုဂ္ဂလိကစစ်တမ်းတွေအရ မသန်စွမ်းသူတွေဟာ တစ်လကို တစ်သောင်းလောက်နဲ့ ရပ်တည်နေရတဲအခြေအနေမျိုးတွေ အများကြီးရှိပြီး မသန်စွမ်း လေးယောက်မှာ တစ်ယောက်နီးပါးသာ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြတာဖြစ်ပါတယ်။

”အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးရပါမယ်။ ဒါဟာ နိုင်ငံသားတိုင်းရရှိရမယ့် မွေးရာပါ မူလအခွင့်အရေးဖြစ်ပါတယ်။ လက်ရှိမှာ မသန်စွမ်းတွေအတွက် အခွင့်အလမ်းဖော်ဆောင်ပေးနေတဲ့ အဖွဲ့အစည်း တွေတော့ရှိပါတယ်။ ဒါပေမဲ့ ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိပါသေးတယ်”လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ဉာဏ်ရည် မသန်စွမ်းသူဆိုပြီး မသန်စွမ်း (၄) မျိုးရှိတဲ့အထဲက အကြားအာရုံမသန်စွမ်းသူများက အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအများဆုံးဖြစ်ပြီး ဉာဏ်ရည်မသန်စွမ်းသူတွေဟာ အနည်းဆုံးဖြစ်နေပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top