၁၉၆၂ ခုနှစ် နိုဝင်ဘာလမှာ ဂျာမန်စက်ရုံလုပ်သားလေး ဟိန့်ဇ်ရှတွတ်က သူ့ဘဝကို ပြောင်းလဲသွားစေမယ့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ မနက်တိုင်း ရထားမှီအောင် အိပ်ယာထပြီး စက်ရုံ သွားရတဲ့ သူ့ဘဝကို သူ မနှစ်မြို့တော့ဘူး၊ မုန်းနေပြီ။ ဒါကြောင့် သူအလုပ်ထွက်လိုက်တယ်။
ဂီယာ ၃ ချက်ပါတဲ့ စက်ဘီးပေါ်တက်ပြီး သူ ရင်းနှီးကျွမ်းဝင်တဲ့ ပတ်ဝန်းကျင်နဲ့ဝေးရာကို ထွက်ခွာခဲ့တယ်။ သူ့မှာ ငွေလေး မဆိုသလောက်ပဲ ပါတယ်။ အစီအစဉ်ကျကျနန ဆွဲထားတာလည်း မရှိဘူး။ စပွန်ဆာလည်း မရှိဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဥရောပတခွင် လှည့်လည်သွားလာဖို့၊ ၁၉၆၄ ခုနှစ်ရောက်ရင် တိုကျိုအိုလံပစ်ပြိုင်ပဲ သွားကြည့်ဖို့ပါပဲ။
ဒါပေမဲ့ သူက ၄ နှစ်နောက်ကျပြီး ၁၉၇၁ ခုနှစ်ရောက်မှ တိုကျိုကို ရောက်သွားခဲ့တယ်။ တိုကျိုကို ရောက်သွားချိန်မှာတော့ ဟိန့်ဇ်က သူ့ခရီးစဉ်ကို မရပ်တန့်ချင်တော့ဘူး။ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ဖြတ်သန်းသွားချိန်တိုင်း သူ့အတွက် စိတ်လှုပ်ရှားမှုအသစ် ခံစားရတယ်။ သူစိမ်းတွေနဲ့ တွေ့ရတိုင်း လူသားချင်းမေတ္တာတရားကို သူ တကျော့ပြန် ယုံကြည်လာတယ်။
ရက်ကနေ လပြောင်း၊ လကနေ နှစ်ပြောင်းရာကနေ ဆယ်စုနှစ်ချီ ကြာမြင့်လာခဲ့တယ်။ ဒီကာလအတွင်းမှာ သူက အလွန်ပူပြင်းတဲ့ ကန္တာရတွေ၊ သွေးခဲမတတ် အေးလှတဲ့ နှင်းမုန်တိုင်းတွေ၊ စစ်ဖြစ်နေတဲ့ ဒေသတွေ၊ အေးချမ်းသာယာတဲ့ ကျေးလက်ဒေသတွေ၊ တောတောင်တွေ၊ ကမ်းရိုးတန်းတွေကို ဖြတ်သန်းပြီး ခရီးနှင်ခဲ့တယ်။
စက်ဘီးအခိုးခံရတာ ၆ ကြိမ်တိုင်တိုင် ရှိတယ်။ စက်ဘီးပျက်လို့ ဂဟေပြန်ဆက်ရတာ ၁၆ ကြိမ် ရှိတယ်။ ချီလီမှာ ရထားတိုက်ခံရပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သလို ဇမ်ဘီယာမှာလည်း သူ့ခြေထောက် သေနတ်မှန်ခဲ့တယ်။ အီဂျစ်မှာ စစ်သားတွေ ဖမ်းဆီးရိုက်နှက်တာ ခံရတယ်။ ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။
စက်ဘီးတစ်စီးနဲ့ ကမ္ဘာအနှံ့ ခရီးနှင်မယ့် စရိတ်ရဖို့အတွက် သူ့ခရီးစဉ်တစ်လျှောက် ဓာတ်ပုံတွေ ရိုက်တယ်၊ ဓာတ်ပုံပေါင်း ၁ သိန်းကျော် ရိုက်ပြီး စာအုပ်ငယ်လေးတွေ၊ ပို့စ်ကတ်လေးတွေ လုပ်ရောင်းတယ်။ သူစိမ်းတွေနဲ့ မိတ်ဆွေဖွဲ့တယ်။ ” လူတိုင်းကို ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီလို မယုံကြည်ဘူးဆိုရင်လည်း ကမ္ဘာအနှံ့ ခရီးနှင်လို့ရမှာ မဟုတ်ပါဘူး”လို့ ဟိန့်ဇ်က ဆိုပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ အရှည်လျားဆုံး စက်ဘီးစီးခရီးနှင်သူအဖြစ် ဂင်းနက်စံချိန်မှတ်တမ်းစာအုပ်မှာ ဟိန့်ဇ်ကို ထည့်သွင်းဖော်ပြခဲ့တယ်။ ဒါပေမဲ့ သူ့အတွက် စံချိန်မှတ်တမ်းတွေက အဓိက မကျပါဘူး။ သူ ဖြတ်သန်းရာ နိုင်ငံတွေ၊ ဒေသတွေမှာ သင်ယူလေ့လာခဲ့ရတဲ့အရာတွေ၊ မျှော်လင့်ချက်၊ အကြင်နာတရား၊ သံယောဇဉ်တွေကသာ သူ့အတွက် အရာရာ ဖြစ်ခဲ့တယ်။
သူဟာ နှစ် ၅၀ ကြာကာလအတွင်း ကီလိုမီတာပေါင်း ၆၄၈၀၀၀ ခရီးနှင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို ရောက်ရှိခဲ့တယ်။ နှစ် ၅၀ ကြာချိန်မှသာ သူ ထွက်ခွာခဲ့တဲ့ ဟိုဗယ်ဟော့ဖ်မြို့ငယ်လေးဆီ ပြန်ရောက်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်မှာ သူ စီးနင်းခဲ့တဲ့ စက်ဘီးကတော့ ပြတိုက်မှာ ပြသခံခဲ့ရတယ်။
သူ့လုပ်ရပ်အတွက် နောင်တရသလား မေးမြန်းချိန်မှာတော့ သူ မျှော်လင့်ထားတဲ့ ကမ္ဘာကြီးကို မြင်တွေ့ရပြီး သူ ဆန္ဒရှိတဲ့အတိုင်း ရှင်သန် နေထိုင်ခွင့်ရခဲ့လို့ နောင်တရစရာ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ တကယ်တော့ အကြီးမားဆုံး တံတိုင်းကြီးတွေဆိုတာ မြေပုံပေါ်မှာရှိတာ မဟုတ်ဘဲ လူသားတွေရဲ့အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကြောက်ရွံ့စိတ်၊ သံသယစိတ်၊ ဆင်ခြေဆင်လက် အကြောင်းပြချက်တွေ ဖြစ်တယ်ဆိုတာကို ဟိန့်ဇ်က ပြသခဲ့ပါတယ်။
Ref: Heinz Stucke
NZ ( ရိုးရာလေး)

