သမီးရဲ့ကိုယ်စားကိုယ်ဝန်ဆောင်ပေးတဲ့မိခင် သမီးမိန်းကလေးမွေးဖွားခဲ့ပြီ

11-11-2020-yyl-009.jpg

ကိုယ်ဝန်မဆောင်နိုင်တဲ့ သမီးအတွက် ကိုယ်စားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ ၅၁ နှစ်အရွယ် မိခင်တစ်ဦးအကြောင်း စာဖတ်ပရိသတ်တွေကို တင်ဆက်ပေးခဲ့ဖူးပါတယ်နော်။ အဲဒီတုန်းကတော့ ၅၁ နှစ်အရွယ် မိခင်က ကိုယ်ဝန် (၉) လနီးပါးရှိနေပါပြီ။ အခုတော့ သူ့သမီးရဲ့ကလေးလည်းဖြစ်၊ သူ့ရဲ့မြေးလေးလည်းဖြစ်တဲ့ကလေးလေးကို မွေးဖွားပေးလိုက်ပါပြီ။

လွန်ခဲ့တဲ့ တစ်ပတ်ကျော် နိုဝင်ဘာ ၂ ရက်နေ့က လော့ခ်ဝုက သူ့အမေဟာ သူ့သမီးလေးကို မွေးဖွားပေးလိုက်ပြီလို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။ သမီးလေးရဲ့နာမည်ကိုလည်း ဘရီအာ ဂျူလီယက် လော့ခ်ဝုလို့ အမည်မဲ့ပေးထားပါတယ်။ “ကျွန်မရဲ့အမေကတော့ ခက်ခဲတဲ့ကိုယ်ဝန်ဆောင်မှုကို ဖြတ်ကျော်နိုင်ခဲ့တဲ့ သူပါပဲ။ ကလေးလေးကို ကျွန်မတို့ရဲ့ကမ္ဘာထဲကို ခေါ်လာပေးခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုက ကျွန်မကို အသက်ရှုရပ်မတတ်ဖြစ်ရပါတယ်။ ကျွန်မရဲ့သမီးလေးကို ကျွန်မလက်နဲ့ကိုင်ထားရတာ ကျွန်မရဲ့နှလုံးသား ပေါက်ကွဲထွက်တော့မဲ့အတိုင်းပါပဲ။ ကျွန်မရဲ့သမီးလေးအတွက် ချတဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် ကျွန်မရဲ့အမေ ကျွန်မကို ပျိုးထောင်ခဲ့တာကနေတဆင့် အဖြေရှာနေခဲ့တာပါ။ အမေချစ်တဲ့ပုံစံ၊ အနစ်နာခံတဲ့ပုံစံတွေက ဖြူစင်ပါတယ်” လို့ လော့ခ်ဝုက ဆိုပါတယ်။ သူ့အမေ လက်ဗီရော၊ ၇ ပေါင် ၁ အောင်စရှိတဲ့ သမီးလေးရော နှစ်ယောက်လုံး ကျန်းမာကြတယ်လို့လည်း ဆိုထားပါတယ်။

ဂျူလီယာ လက်ဗီ ဆိုတဲ့ မိခင်က သူ့သမီး ဘရီရန်နာ လော့ခ်ဝုအတွက် ကိုယ်ဝန်ဆောင်ပေးရတာ လက်ဆောင်ပေးရသလိုခံစားရတယ်လို့ ပြောခဲ့ဖူးပါတယ်။ ခဏခဏ ကိုယ်ဝန်ပျက်ကျပြီး ကလေးမရခဲ့တဲ့ လော့ခ်ဝုကို ဆရာဝန်တွေက အခြားသူကို ကိုယ်စားကိုယ်ဝန်ဆောင်ခိုင်းသင့်တယ်လို့ အကြံပေးခဲ့တာပါ။ သူ့အမေကလည်း သူ့သမီးအတွက် စိတ်အားထက်သန်စွာနဲ့ပဲ ကိုယ်စားကိုယ်ဝန်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစကတော့ လော့ခ်ဝုဟာ သူ့မိခင်ကို သူ့ကိုယ်စားကိုယ်ဝန်ဆောင်လို့ဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။ “ကျွန်မ အမေ့ကို မလုပ်ဖို့ ပြောပါတယ်။ အမေ စိတ်ကူးပြောင်းသွားအောင် မကြာမကြာပြောပါတယ်။ အမေ့အသက်အရွယ်နဲ့ ဖြစ်နိုင်မယ် ကျွန်မ မထင်ခဲ့လို့ပါ။ အမေက သွေးဆုံးနေပြီဆိုတော့”လို့ လော့ခ်ဝုက ပြောခဲ့ပါတယ်။

ကိုယ်စားကိုယ်ဝန်ဆောင်ဖို့ ဆေးစစ်ချက်မျိုးစုံလုပ်ပြီးတဲ့နောက်မှာ လက်ဗီက ကိုယ်ဝန်အငှားဆောင်ဖို့ သင့်တော်တယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ လော့ခ်ဝုက သူ့အမေကို ကိုယ်ဝန်မဆောင်ခိုင်းစေချင်ပေမဲ့ လက်ဗီကတော့ ကိုယ်ဝန်ဆောင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိခဲ့ပါတယ်။ လက်ဗီက ဘော်စဘွန်မာရသွန်အပြေးသမားလည်းဖြစ်ပြီး ကလေး (၂) ဦးလည်း မွေးထားပြီးသားဖြစ်တဲ့အတွက် ကျန်းမာသန်စွမ်းတဲ့မိခင်တစ်ယောက်ပါ။ အဲဒါကြောင့်ပဲ သူ့သမီးကိုယ်စား ကိုယ်ဝန်ဆောင်နိုင်မယ့်ယုံကြည်ချက်ရှိခဲ့တာပါ။

မမျိုးဥနဲ့ သုက်ပိုးကို ပေါင်းစပ်ပြီး မျိုးအောင်ထားတဲ့ In Vitro Fertilization (ဖန်ပြွန် သန္ဓေသား) ဖြစ်စဉ်အရကြည့်မယ်ဆိုရင်တော့ လက်ဗီက အခုမွေးဖွားလိုက်တဲ့ကလေးရဲ့အဘွားပါပဲ။

Ref: CBSNews “51-year-old mom who carried daughter’s baby as surrogate delivers healthy girl”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top