အိန္ဒိယမင်းသမီး Humaira Asghar Ali ကို သူမ နေထိုင်ရာ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိ

india.jpg

အိန္ဒိယမော်ဒယ်မင်းသမီး Humaira Asghar Ali သေဆုံးတဲ့သတင်းက ဘောလိဝုဒ်လောကကို ထိတ်လန့်သွားစေခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် Humaira ရဲ့ရုပ်အလောင်းကို သူနေထိုင်ရာ ကရာချိမြို့ရှိတိုက်ခန်းမှာ တွေ့ရှိခဲ့တာပါ။ Humaira သေဆုံးတာ ရက်ပေါင်း ၂၀ နီးပါးရှိပုံရတယ်လို့ Gizri ရဲတပ်ဖွဲ့က အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

Humaira က အိမ်ငှားခမပေးတာကြောင့် တရားရုံးကနေတဆင့်နှင်ထုတ်ဖို့ တရားရုံးက အမိန့်ပေးထားတဲ့ ရဲအရာရှိတွေနဲ့အတူ အိမ်ပိုင်ရှင်ဖြစ်သူတို့ တိုက်ခန်းကို လိုက်လာချိန်မှာ သူ့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာပါ။ Humaira ဟာ၂၀၁၈ ခုနှစ်ကတည်းက Ittehad Commercial area ရှိ တတိယထပ်တိုက်ခန်းမှာ နေထိုင်နေခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ငှားရမ်းခမပေးတော့ဘူးလို့ သိရပါတယ်။ အိမ်ပိုင်ရှင်တို့ ရောက်သွားချိန်မှာ တိုက်ခန်းရဲ့ပင်မတံခါးကို အတွင်းကနေ သော့ခတ်ထားခဲ့တဲ့အတွက် အာဏာပိုင်တွေက တံခါးဖျက်ပြီး ဖွင့်ခဲ့ရပါတယ်။

Humaira ရဲ့ရုပ်အလောင်းကို ပုတ်ပွပျက်စီးနေတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့ရတာပါ။ တိုက်ခန်းကို တစ်စုံတစ်ယောက်က အတင်းအကြပ်ဝင်ရောက်ထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရှိရပါဘူး။ အခင်းဖြစ်ပွားရာနေရာကနေ မှုခင်းဆေးပညာဆိုင်ရာအထောက်အထားတွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ကောက်ယူခဲ့ပြီး ရုပ်အလောင်းကို Jinnah Postgraduate Medical Center ကို လွှဲပြောင်းပေးခဲ့ကာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကို ရင်ခွဲစစ်ဆေးပြီးမှသာ သိရှိရမှာဖြစ်ပါတယ်။ တိုက်ခန်းကို အလုံပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ရဲတွေက Humairaရဲ့ မိသားစုဝင်တွေကို မရှာရသေးပါဘူး။ Humaira က ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်တည်းနေထိုင်ပုံရပါတယ်။ အိမ်နီးနားချင်းတွေကလည်း Humaira ကို မတွေ့ရတာ ရက်သတ္တပတ်အတော်ကြာပြီး တိုက်ခန်းကနေ အနံ့ဆိုးထွက်တာကိုတော့ သတိထားမိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Humaira ဟာ ၂၀၁၄ ခုနှစ်မှာ Veet Miss Super Model ဆုကို ရရှိကာ နာမည်ရလာခဲ့ပြီး ၂၀၂၂ ခုနှစ်က Tamasha Ghar Reality Show မှာ ပါဝင်ခဲ့ပါတယ်။ Laali တီဗီဇာတ်လမ်းတွဲ၊ Jalaibee (2015)၊ Love Vaccine (2021) ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်မှုကို အသိအမှတ်ပြုခံခဲ့ရပါတယ်။

Ref: Humaira Asghar Ali dead at 35

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top