“ကျုပ် မိန်းမရ သိပ်ကံကောင်းသလို သိပ်ကို ကျေနပ်ပျော်ရွှင်ရပါတယ်” ဆိုတဲ့ Rock Star ကြီး ဘွန်ဂျိုဗီ”

bon.jpg

နှစ်ပေါင်းသုံးဆယ်ကျော် အောင်မြင်မှုတွေအများကြီးနဲ့ ရပ်တည်လာခဲ့တဲ့ ဂျွန်ဘွန်ဂျိုဗီ ဟာ PEOPLE မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ သူနဲ့ သူ့ချစ်ဇနီးသည် ဒိုရသီယာတို့ရဲ့ အချစ်ခရီးလမ်း တစ်စိတ်တစ်ဒေသအကြောင်းကို ထူးထူးခြားခြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ခဲ့ပေမယ့် ဘွန်ဟာ အခုအချိန်မှာ ဘဝကိုရိုးရှင်းအေးချမ်းစွာပဲဖြတ်သန်းနေပါတယ်။

ငယ်ရွယ်စဉ်က လယ်သာအပြည့်ဖက်ရှင်နဲ့ လျှမ်းလျှမ်းတောက် Rock Star ကြီး ဘွန်ဂျိုဗီဘဝအကြောင်း ပြန်ပြောင်းမေးမြန်းကြည့်တဲ့အခါ

“အဲ့ဒီလူ ဘယ်သူလဲဆိုတာတောင် ကျုပ်မသိတော့ပါဘူးဗျာ”

ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ ဖြေကြားသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးဂျာစီမြို့နယ်လေးကနေ ကြီးပြင်းလာခဲ့တဲ့ ဘွန်နဲ့ သူ့ဇနီးသည် ဒိုရသီယာတို့ဟာ လက်ရှိအချိန်မှာ အိမ်ထောင်သက်တမ်း ၂၇ နှစ်ရှိပြီဖြစ်ပြီး သူတို့ဟာ အထက်တန်းကျောင်းသားဘဝကတည်းက လက်တွဲခဲ့ကြတဲ့ ငယ်ချစ်တွေလည်း ဖြစ်ပါတယ်။

ဘွန့်ရဲ့ Rock Star ဘဝ အတက်အကျတွေမှာ ဒိုရသီယာဟာ ဘေးမှာ အတူတကွရပ်တည်ပေးခဲ့ပြီး ဒီ့အတွက်လည်း သူ့ဇနီးသည်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း တဆက်တည်းပြောသွားခဲ့ပါတယ်။

“သူမက ကျုပ်အတွက်တော့ ‘ကော်’ ပဲဗျ” လို့ အသက် ၅၄ နှစ်အရွယ် ဘွန်က သူ့ဇနီးသည်ကို တင်စားပါတယ်။

“ကျုပ်ဟာ ငယ်ငယ်က ဆိုးတယ်ဗျ။ တောက်လေ ွ်ာက် ပေါက်ကရတွေလုပ်ခဲ့တာ။ ဒိုရသီယာကတော့ ကျုပ်လုပ်သမ ွ်တွေကို လက်ခံနားလည်ပေးပြီး ကော်လိုမျိုး၊ အပ်နဲ့ အပ်ချည်လိုမျိုး ကျုပ်နားမှာ အမြဲရှိနေပေးပြီး လက်တွဲဖြေရှင်းပေးခဲ့တာတွေချည်းပဲ” …

ဘွန်တို့ မောင်နှံဟာ သူတို့ ၂ ဦးလုံးရဲ့ ဇာတိချက်ကြွေ နယူးဂျာစီရဲ့ အထက်တန်းကျောင်းလေးတစ်ခုမှာ စ တင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဘွန် ရဲ့ Rock Star သမိုင်းမှာ အအောင်မြင်ဆုံးအချိန်ဖြစ်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ လတ်စ်ဗီးဂတ်စ်မြို့ကို ၂ ဦးသဘောတူ ခိုးပြေးပြီး လက်ထပ်ခဲ့ကြပါတယ်။

အိမ်ထောင်ရေးတိုင်းဟာ မလွယ်ကူသလိုပဲ ဘွန်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးဟာလည်း အခက်အခဲတွေ၊ အဆင်ပြေမှု၊ မပြေမှုတွေ ရှိခဲ့ပါတယ်။

“ဒါပေမယ့် ကျမတို့ အကောင်းဆုံးဖြစ်အောင် လက်တွဲဖြေရှင်းနိုင်ခဲ့တာချည်းပဲ” လို့ အသက် ၅၄ နှစ်အရွယ် ဇနီးသည် ဒိုရသီယာက ပြောကြားသွားခဲ့ပါတယ်။ ဘွန်ရဲ့ အမျိုးသမီးပရိတ်သတ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့

“ဒါကတော့ သူတို့လေးတွေက ဘွန်ရဲ့ အနုပညာကို ချစ်ကြတာကိုး။ ကျမ ကျေနပ်တယ်။ ကျမကလည်း သူတို့လေးတွေကို ချစ်ပါတယ်” လို့ ပြောခဲ့ပါသေးတယ်။

ဘွန်ဟာ လက်ရှိအနေနဲ့ သူတို့ Band ရဲ့ ၁၄ ကြိမ်မြောက် စတူရီယိုအယ်လ်ဘမ် “The House Is Not For Sale” ကို ထွက်ရှိထားပြီး ရှိုးပွဲတွေလည်း တောက်လေ ွ်ာက်ရှိနေခဲ့ပါတယ်။

“သူ ရှိုးပွဲတွေဆိုတိုင်း သူ့သီချင်းကောင်းတွေကို ကျမစင်ဘေးမှာ ရပ်ကြည့်ပြီး နားထောင်အားပေးတာပေါ့” လို့လည်း ဒိုရသီယာက ပြောခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံရဲ့ အချစ်ကို ပိုမိုခိုင်မြဲစေတဲ့ နောက်အချက်တစ်ခုက သူတို့ဟာ ပရဟိတအလုပ်ကို စိတ်တူကိုယ်တူ လုပ်ဆောင်ကြတာပါ။
Bon Jovi Soul Foundation ကို ၂၀၀၆ ခုနှစ်မှာ အတူတကွ တည်ထောင်ခဲ့ကြပြီး တန်ဖိုးနည်း အိမ်ယာ ၅၀၀ ချထားပေးတာတွေ၊ ချို့တဲ့သူတွေအတွက် အခမဲ့ စားသောက်ဆိုင် (Soul Kitchen) ၂ ဆိုင် ဖွင့်လှစ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ ဇနီးမောင်နှံရဲ့ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ

“ကျုပ်မိန်းမ က လုပ်စရာရှိတာ အကုန်လုပ်ရပြီး ကျုပ်ကတော့ နာမည်ကောင်းယူသလိုဖြစ်နေတာပေါ့ဗျာ” လို့ ဘွန်က ဟာသအနေနဲ့ ပြောပြပါတယ်။

တကယ့်လက်တွေ့မှာတော့ သူတို့ ၂ ယောက်လုံးဟာ မယုံနိုင်လောက်အောင် တက်ညီလက်ညီရှိပြီး စိတ်တူကိုယ်တူ အလုပ်လုပ်ကြတာကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ကျမတို့ အိမ်ထောင်ရေး အောင်မြင်ခဲ့ပါတယ်။ ကျမတို့ ၂ ယောက်ဟာ ရှင်သန်ကြီးပြင်းလာပုံခြင်းလည်း သိပ်မကွာဟ,သလို လားရာတွေလည်း တူညီခဲ့ကြလို့ ဟန်ချက်ညီတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝတစ်ခု ရရှိခဲ့တယ်လို့ ကျမတော့ ယူဆတယ်” လို့ ဒိုရသီယာက နောက်ဆုံးအနေနဲ့ ပြောသွားပါတယ်။

ဘွန်ကတော့ နိဂုံးချုပ်အနေနဲ့

“ကျုပ်ကတော့ Rock Star တွေရဲ့ သမိုင်းမှာ အိမ်ထောင်သက်တမ်းအကြာဆုံး လူတစ်ယောက်ဖြစ်လာတာပေါ့ဗျာ။ ကျုပ် မိန်းမရ သိပ်ကံကောင်းသလို သိပ်ကို ကျေနပ်ပျော်ရွှင်ရပါတယ်” လို့ အဆုံးသတ်ပြောကြားသွားပါတော့တယ်။


Ref: People Music News

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top