အသေးအဖွဲ့လေးကို သတိထားမိရာမှ ကမ္ဘာ့ဗဟိုချက်အကြောင်း သိရှိခဲ့တဲ့ ငလျင်ပညာရှင်အမျိုးသမီး

inge-lehmann.jpg

အင်ဂီလေမန်းဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရဖို့ အလွန်ခက်ခဲတဲ့ကာလမှာ မွေးဖွားလာခဲ့ပေမဲ့ စိတ်ပညာရှင်ဖခင်ကြောင့် ပညာသင်ကြားခွင့် ရခဲ့ပြီး သင်္ချာပညာရပ်ကိုလည်း အလွန်စိတ်ဝင်စားခဲ့သူပါ။ ၁၉၂၀ ပြည့်နှစ်က အသက် ၃၂ နှစ်အရွယ် ရောက်ချိန်မှာတော့ ဒိန်းမတ်နိုင်ငံ ဟေဂင်တက္ကသိုလ်ကနေ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်က ငလျင်ပညာရှင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ရွေးချယ်မှုဟာ အမျိုးသမီးတွေကြားမှာတော့ ရှားမှရှားပါပဲ။

အမျိုးသားတွေပဲ မင်းမူထားတဲ့ ငလျင်ဌာနမှာ အင်ဂီလေမန်းဟာ အမျိုးသားတွေနည်းတူ ပစ္စည်းကိရိယာတွေ အသုံးပြုခွင့်နဲ့ ရန်ပုံငွေ မရခဲ့ပါဘူး။ ဒါပေမဲ့ သူက အဲဒီအခြေအနေကို ဘာတစ်ခွန်းမှ စောဒကမတက်ခဲ့ဘဲ သူ စိတ်ဝင်စားတဲ့ အလုပ်ကိုသာ ဖိဖိစီးစီး ဆက်လုပ်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံ တော်ဝင်သိပ္ပံရဲ့ ငလျင်ဌာနမှာ ဌာနမှူးဖြစ်လာချိန် ငလျင်ဆိုင်ရာ အချက်အလက်တွေကို ကြည့်ရင်း ကမ္ဘာမြေထုထဲမှာ ငလျင်လှိုင်းတွေ ပျံ့နှံ့သွားပုံကို လေ့လာရင်း ထူးဆန်းတဲ့အချက်တစ်ခုကို သူ သတိထားမိခဲ့ပါတယ်။

ငလျင်တွေ လှုပ်တဲ့အခါ ထွက်ပေါ်လာတဲ့ လှိုင်းတွေက ကမ္ဘာမြေထုရဲ့ အတွင်းပိုင်းထဲကို ပျံ့နှံ့သွားတယ်။ အဲဒီလှိုင်းတွေ ဘယ်ကို ရောက်သွားသလဲဆိုတာကို စူးစမ်းရှာဖွေနိုင်တဲ့ ကိရိယာတွေလည်း သူတို့ဆီမှာ ရှိပါတယ်။ P လှိုင်းတွေကတော့ အစိုင်အခဲနဲ့ အရည် ၂ မျိုးလုံးကို ဖြတ်သန်းသွားနိုင်ပြီး S လှိုင်းတွေကတော့ အစိုင်အခဲတွေကိုပဲ ဖြတ်သန်းသွားနိုင်ပါတယ်။

၁၉၃၀ ပြည့်နှစ်တစ်ဝိုက်တုန်းက သိပ္ပံပညာရှင်တွေရဲ့ ယုံကြည်ချက်ကတော့ ကမ္ဘာရဲ့အလယ်လွှာက မြေထုဖြစ်ပြီး အတွင်းသားတစ်ခုလုံးက ရေထုဖြစ်တယ်လို့ သတ်မှတ်ထားကြတာပါ။ ဘာကြောင့်လဲဆိုတော့ အတွင်းသားကို ရောက်ရင် S လှိုင်းတွေက ပျောက်ကွယ်သွားတယ်၊ ဒါကြောင့် ကမ္ဘာ့အတွင်းသားက ရေထုဖြစ်မယ်လို့ တွက်ဆကြတာပါ။ ဒါပေမဲ့ အင်ဂီကတော့ ဒီတွက်ဆမှုနဲ့ မညီညွတ်တဲ့ အချက်အလက်တွေကို တွေ့ခဲ့တာပါ။

တချို့ P လှိုင်းတွေက သူတို့မရောက်သင့်တဲ့ ငလျင်ဌာနတွေဆီ ရောက်နေတဲ့ အချက်ပါပဲ။ ဒါဟာ အသေးအဖွဲ့လေးသာ ဖြစ်လို့ စက်ကိရိယာပိုင်းဆိုင်ရာ ချွတ်ယွင်းမှု၊ နောက်ခံအသံ ဆူညံမှုတွေကြောင့်လို့ ထင်လို့လည်း ရတယ်။ ဒါပေမဲ့ အင်ဂီက ပေါ့ပေါ့တန်တန် သဘောမထားဘူး။ သူက ငလျင်မှတ်တမ်း ရာပေါင်းများစွာကို လေ့လာပြီး လှိုင်းပုံစံတွေကို ခွဲခြမ်းစိတ်ဖြာတယ်၊ တွက်ချက်မှုတွေ လုပ်တယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီမယ့် ဖြေရှင်းချက်ကို ရှာဖွေတယ်။ ဒါပေမဲ့ ရှိပြီးသား ဖြေရှင်းချက်၊ တွက်ဆချက်တွေက ကိုက်ညီမှု မရှိဘူး။

အချက်အလက်တွေအရဆိုရင် ကမ္ဘာ့အတွင်းသားက အရည်ထုချည်းပဲဆိုတာ မဖြစ်နိုင်ဘူး။ အရည်ထုထဲမှာ အခြားတစ်ခုခု ရှိနေရမယ်။ အရည်ထုထဲမှာ အစိုင်အခဲတစ်ခုခု ရှိနေလို့သာ ငလျင်လှိုင်းတွေက ပြန်ကန်ထွက်ကုန်တာ ဖြစ်မယ်လို့ သူ ကောက်ချက်ချခဲ့တယ်။ ၁၉၃၆ ခုနှစ်မှာတော့ အင်ဂီက P (P-prime) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာတမ်းတစ်ခု ရေးသားခဲ့တယ်။ စာမျက်နှာ ၇ မျက်နှာပဲ ပါတယ်။ ဒီစာတမ်းအတွက်လည်း ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေး မယူခဲ့ဘူး။ သူ့စာတမ်းရဲ့ အနှစ်ချက်ကတော့ အပေါ်လွှာအရည်ထုထဲမှာ အစိုင်အခဲအတွင်းသားတစ်ခု ရှိနေတယ်ဆိုတာပါပဲ။

စကားနည်းပြီး ရိုးရိုးကုပ်ကုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ကမ္ဘာ့ဖွဲ့စည်းမှုပုံစံနဲ့ပတ်သက်ပြီး သိပ္ပံအဖွဲ့အစည်းတစ်ခုလုံးရဲ့ ယုံကြည်ချက်ကို စိန်ခေါ်လိုက်တာပါပဲ။ အင်ဂီရဲ့ ဖြေရှင်းချက်ကတော့ ငလျင်လှိုင်း ဒေတာတွေပါပဲ။ တဖြည်းဖြည်းနဲ့ အခြားသိပ္ပံပညာရှင်တွေက သူ့စာတမ်းကို လေ့လာရင်း ငလျင်လှုပ်ခတ်မှုဖြစ်စဉ်တွေကို ပိုမိုခွဲခြမ်းစိတ်ဖြာ လာကြတယ်။ ပိုကောင်းတဲ့ ကိရိယာတွေလည်း ပေါ်လာကြတယ်။ ဒီလိုနဲ့ တွက်ချက်မှုပေါင်းများစွာ လုပ်ပြီးချိန်မှာတော့ အင်ဂီရဲ့တွက်ဆမှု မှန်ကန်နေတာကို သူတို့ တွေ့ခဲ့ပါတယ်။

ကမ္ဘာ့ဗဟိုချက်မှာ အချင်းအားဖြင့် မိုင်ပေါင်း ၁၅၀၀ ရှိတဲ့ သံ-နီကယ်စက်လုံး အတွင်းသား ရှိနေတာပါ။ အဲဒီစက်လုံးဟာ အပူချိန် ၉၀၀၀ ဒီဂရီဖာရင်ဟိုက်ရှိပြီး နေရဲ့မျက်နှာပြင်လောက် ပူပြင်းပါတယ်။ စက်လုံးရဲ့အပြင်ဘက်မှာတော့ မိုင် ၁၄၀၀ ထူတဲ့ အရည်ထုအကာက ဝိုင်းရံထားတာပါ။ ဒီတွေ့ရှိမှုဟာ ကမ္ဘာနဲ့ပတ်သက်တဲ့ လူသားတွေရဲ့ အခြေခံနားလည်မှုကို ပြောင်းလဲသွားစေခဲ့တယ်။ ကမ္ဘာရဲ့ သံလိုက်စက်ကွင်းက အရည်ထုအကာကြား ဘယ်လို လှုပ်ရှားပျံ့နှံ့သွားသလဲ၊ လူသားတွေရဲ့ ကမ္ဘာမြေထု ဘယ်လို ဖြစ်တည်လာပြီး နှစ်ဘီလျံပေါင်းများစွာကြာအထိ အေးနေတာ ဘာကြောင့်လဲဆိုတာတွေကို ဖြေရှင်းချက် တွေ့ရှိစေခဲ့တာပါ။

ဘူမိဗေဒသင်ရိုးတစ်ခုလုံး ပြောင်းလဲသွားခဲ့ရပြီ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပြင်ဆင်ရေးသား ရိုက်နှိက်ခဲ့ရပါတယ်။ ကမ္ဘာ့အတွင်းသားနဲ့ အရည်ထုအကာကြား ခြားနားထားတဲ့အရာကိုတော့ ” လေမန်းအပိုင်းအခြား”လို့ မှည့်ခေါ်ခဲ့ကြပါတယ်။ ဒါဟာ သူ့ရဲ့တွေ့ရှိမှုအပေါ် ဂုဏ်ပြုမှုပါပဲ။ ဒါပေမဲ့ အင်ဂီက ကျော်ကြားမှုကို မမက်မောခဲ့ပါဘူး။ သူ စိတ်ဝင်စားတဲ့အလုပ်ကို ဆယ်စုနှစ်ပေါင်းများစွာကြာ တိတ်တဆိတ် ဆက်လုပ်ခဲ့ပါတယ်။

၁၉၇၁ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာတော့ အမေရိကန်ဘူမိရူပဗေဒသမဂ္ဂက ပေးအပ်တဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဝီလျံဘိုဝီဘွဲ့ ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ အင်ဂီက ဒီဆု ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပြီး အသက် ၁၀၄ နှစ်အရွယ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

Ref: Inge Lehmann

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top