ပန်ဒါမျက်လုံးလိုဖြစ်နေတဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းများ

11-12-2020-yyl-031.jpg

ကပ်ရောဂါအတွင်းမှာ စားချိန်အိပ်ချိန်တွေ ကမောက်ကမဖြစ်နေတဲ့လူတချို့ရှိကြပါတယ်။ တချို့ဆိုရင် ဒီကာလအတွင်း စိတ်ဖိစီးမှုပိုများတဲ့အတွက် အိပ်ရေပျက်လာကြပါတယ်။ အဲဒီလိုအိပ်ချိန်မမှန်တော့ဘဲ အိပ်ရေပျက်တဲ့သူတွေက ပန်ဒါမျက်လုံးလို ဖြစ်လာကြပါတယ်။ အိပ်ရေပျက်တာများရင် မျက်ကွင်းညိုလာကြပါတယ်။ မျက်ကွင်းညိုတာကို မိတ်ကပ်နဲ့ဖုံးထားလို့ရပေမဲ့ ပါဝင်ပစ္စည်းတချို့နဲ့ မျက်လုံးတစ်ဝိုက်ကို ကုသပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုတာက လျော့ပါးသွားနိုင်ပါတယ်။ မျက်ကွင်းညိုတဲ့ပြဿနာအတွက် ကျွမ်းကျင်ပညာရှင်တစ်ဦးမျှဝေထားတဲ့ ပါဝင်ပစ္စည်းတချို့နဲ့အိမ်တွင်းနည်းလမ်းတွေကတော့

သခွားသီး

လတ်ဆတ်တဲ့သခွားသီးကို အချပ်လိုက် နည်းနည်းထူထူလေး လှီးပေးပြီး (၁၅) မိနစ်လောက် ရေခဲသေတ္တာထဲထားပေးပါ။ ပြီးရင် အေးနေတဲ့သခွားသီးစိပ်တွေကို မျက်လုံးပေါ်မှာ မိနစ် (၃၀) လောက် တင်ထားပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ သခွားသီးမှာပါဝင်တဲ့ဂုဏ်သတ္တိက မျက်ကွင်းညိုတာကို လျင်လျင်မြန်မြန်လျော့ပါးသွားအောင် ကူညီပေးပါတယ်။

အာလူးအရည်

အာလူးကို ကြိတ်ပြီးရလာတဲ့အရည်ကို မျက်လုံးအောက်မှာ မိနစ် ၂၀ လောက် လိမ်းထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်ပေးလိုက်ရုံပါပဲ။ အာလူးအရည်မှာပါဝင်တဲ့ ဗီတာမင်စီက မျက်ကွင်းညိုတာကို လျော့ပါးစေပြီး အသားရေကြည်လင်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။

အယ်မွန်ဆီ

အယ်မွန်ဆီမှာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေက အရေပြားအောက်က သွေးကြောတွေကို အနာတရမဖြစ်အောင် ကာကွယ်ပေးပြီး မဲညစ်တဲ့အသားရေအရောင်ကိုလည်း ဖြူလာစေပါတယ်။ မျက်လုံးတစ်ဝိုက်မှာ အယ်မွန်ဆီကို ညတိုင်းလိမ်းပြီး နှိပ်နယ်ပေးကာ တစ်ညလုံးလိမ်းကာ အိပ်လိုက်ပါ။ အသားရေရေဓာတ်ရဖို့အတွက် မနက်ခင်းကျရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်ပေးပါ။

နှင်းဆီရည်

နှင်းဆီရည်က မျက်ကွင်းညိုတာကို လျော့ပါးသွားစေပြီး ပျက်စီးနေတဲ့အသားရေကို ပြန်လည်ကောင်းမွန်လာစေပါတယ်။ မျက်ကွင်းညိုတဲ့နေရာမှာ နှင်းဆီရည်ကို ဝါဂွမ်းစနဲ့ တစ်နေ့ (၂) ကြိမ် တို့လိမ်းပေးပါ။ နေ့တိုင်း တိုနာအဖြစ်လည်း အသုံးပြုပေးလို့ရပါတယ်။

ခရမ်းချဉ်သီးရည်

ခရမ်းချဉ်သီးက အသားရေကို ကောင်းမွန်စေတဲ့ lycopene ဓာတ် ပါဝင်ပါတယ်။ အသားရေနူးညံ့စေတဲ့အပြင် မျက်ကွင်းညိုတာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မျက်ကွင်းညိုတဲ့နေရာမှာ ခရမ်းချဉ်သီးအရည်ကို (၁၅) မိနစ်လောက် လိမ်းထားပြီး ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။

ရှားစောင်းလက်ပက်ဂျယ်လ်

ရှားစောင်းလက်ပက်ဂျယ်လ်က အသားရေမညီမညာဖြစ်တာကို သက်သာစေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ဒီဂျယ်လ်ကို မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပြီး နှိပ်နယ်ပေးကာ ခြောက်သွားတဲ့အထိ တစ်ညလုံးထားလိုက်ပါ။ မျက်ကွင်းညိုတာ သက်သာသွားတဲ့အထိ ဒီနည်းအတိုင်း ဆက်လုပ်ပေးပါ။

နို့အေး

နို့အေးမှာ ပါဝင်တဲ့ ဗီတာမင်အေဓာတ်က မျက်လုံးအောက်အသားရေကို ကျုံ့ဆန့်နိုင်မှုအားထိန်းပေးပါတယ်။ နို့အေးကို ဝါဂွမ်းစနဲ့တို့ကာ မျက်လုံးအောက် လိမ်းပေးပြီး ၁၅ မိနစ်အကြာမှာ ရေနဲ့ သန့်စင်ပေးလိုက်ပါ။ ဒီနည်းကို တစ်နေ့ (၂) ကြိမ်လုပ်ပေးပါ။

အုန်းဆီ

အုန်းဆီမှာ ပါဝင်တဲ့အာနိသင်တွေကလည်း မျက်ကွင်းညိုတာကို လျော့ချပေးပြီး အသားရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ အရေပြားအိုမင်းရင့်ရော်ခြင်းကိုလည်း တွန်းလှန်ပေးပါတယ်။ မျက်လုံးအောက်ကို အုန်းဆီအနည်းငယ် တစ်ညလုံးလိမ်းအိပ်လိုက်ပါ။ နောက်နေ့မနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်ပေးလိုက်ရုံပါပဲ။

Ref: Time to say bye to stubborn dark circles naturally with these items
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top