ကိုရီးယားမှာပါ နာမည်ကြီးလူသိများတဲ့ နာမည်ကြီးဂျပန်မင်းသားချော ခန်တာရို ဆာခါဂူချိရဲ့ သုံးပွင့်ဆိုင်အချစ်ရေးအရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလိုထွက်ပေါ်လာမှုက ဂျပန်ပရိသတ်တွေရော နိုင်ငံတကာက ပရိသတ်တွေကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။ ခန်တာရိုဟာ ဆံပင်မိတ်ကပ်ဆရာမနဲ့ ချစ်သူသက်တမ်း ၄ နှစ်ရှိခဲ့တဲ့အပြင် နာမည်ကြီးမင်းသမီး မိုင် နာဂါနိုနဲ့ပါ ချစ်သူတွေဖြစ်နေတယ်လို့ ဂျပန်အပတ်စဉ်ထုတ်မဂ္ဂဇင်း Shukan Bunshun က စက်တင်ဘာ ၉ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။
သူ့ထက်ကြီးတဲ့ ချစ်သူကောင်မလေး ဆံပင်မိတ်ကပ်ဆရာမနဲ့ ချစ်သူတွေဖြစ်ပြီး အတူနေထိုင်ခဲ့ကြတယ်။ ကိုရီးယားကို အလုပ်ကိစ္စနဲ့သွားရင် အတူတူသွားခဲ့ကြတယ်။ ၄ နှစ်ချစ်သူဆက်ဆံရေးရှိပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မင်းသမီး မိုင်နာဂါနိုနဲ့လည်း လျှို့ဝှက်ချိန်းတွေ့ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။ မိုင်နာဂါနိုနဲ့က My Love Story ဇာတ်ကားရိုက်ကူးစဉ် ၂၀၁၅ ခုနှစ်မှာ ပထမဆုံးဆုံမိခဲ့ကြပြီး နောက်ပိုင်း Masked Ward ဇာတ်ကားမှာ ပြန်ဆုံတွေ့ခဲ့ကာ သူတို့ရဲ့ဆက်ဆံရေး ပိုခိုင်မာလာခဲ့တယ်လို့ ဆိုထားပါတယ်။
အခုနှစ်အစောပိုင်းမှာ မိုင်နာဂါနိုဟာ လက်ထပ်ပြီးသားမင်းသား ခိုင် တာနာခါနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့သတင်းကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ ကြုံတွေ့ခဲ့ပြီးသားဖြစ်ပါတယ်။ ခိုင် တာနာခါနဲ့ ကိစ္စထွက်ပေါ်နေစဉ်မှာတောင် မိုင်နာဂါနိုက မင်းသားခန်တာရိုနဲ့ဆက်ဆံရေးဆက်ပြီးရှိနေခဲ့ပါတယ်။
ခန်တာရိုရဲ့ချစ်သူကောင်မလေးဘက်က မိုင်နာဂါနိုကို သူ့ချစ်သူနဲ့ ဝေးဝေးနေဖို့ တောင်းဆိုခဲ့တယ်။ ခန်တာရိုက သူ့ခံစားချက်ကို မိုနာဂါနိုအပေါ် ဖွင့်ဟဝန်ခံထားပြီးပေမဲ့ သူ့ချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးကိုလည်း အဆုံးမသတ်ခဲ့ဘူး။ လက်ရှိမှာတော့ ခန်တာရိုနဲ့ သူ့ချစ်သူကောင်မလေး ဆံပင်မိတ်ကပ်ဆရာမတို့ ပြတ်စဲပြီး သီးခြားနေထိုင်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ခန်တာရိုနဲ့ မိုင်နာဂါနိုတို့ရဲ့အေဂျင်စီတွေကတော့ ဒီအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။ ခန်တာရိုက ကိုရီးယားမင်းသမီး လီဆယ်ယောင်းနဲ့အတူ What Comes After Love ဇာတ်ကားမှာ ပါဝင်ပြီးတဲ့နောက် ကိုရီးယားမှာ နာမည်ကြီးသွားခဲ့တာပါ။ အခုနှစ်ကုန်လောက်မှာ Busan International Film Festival ကို တက်ရောက်ဖို့ စီစဉ်ထားခဲ့တာပါ။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းကို မင်းသားဘက်က ဖြေရှင်းလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref: Japan’s Seo Kang Joon, Kentaro Sakaguchi caught in love triangle scandal with top actress Mei Nagano
WL (ရိုးရာလေး)

