ဇနီးသည် ကိုယ်ဝန်ဆောင်နိုင်ဖို့ အမြတ်တနိုး စုဆောင်းထားတဲ့အရာကို ထုတ်ရောင်းပေးခဲ့သူ

14-2-2022-yyl4.jpg

အမျိုးသားတစ်ဦးဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ရင်သွေးယူနိုင်ဖို့အတွက် သူစုဆောင်းထားတဲ့ တန်ဖိုးကြီးဖိနပ်တွေကို ရောင်းချပစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်မှာ နေထိုင်တဲ့ လောရင်နဲ့ အီးဂျေဝန်းတို့ဟာ ကလေးရဖို့ ၅ နှစ်ကြာ ကြိုးပမ်းခဲ့ပြီး ခွဲစိတ်မှု ၁၁ ကြိမ်တိုင်တိုင် လုပ်ခဲ့ပေမဲ့ ကလေး မရခဲ့ပါဘူး။ ကိုယ်ဝန်ပျက်ကျမှု ၈ ကြိမ်တိုင်တိုင် ကြုံခဲ့ရပါတယ်။

သူတို့က ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးယူချင်ပေမဲ့ ကုန်ကျစရိတ်ပေးဖို့ မတတ်သာတဲ့ အခြေအနေ ကြုံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အီးဂျေဝန်းက သူ အမြတ်တနိုး စုဆောင်းထားတဲ့ ဖိနပ်တွေကို ရောင်းထုတ်ပြီး စရိတ်ရှာဖွေခဲ့တာပါ။ အီးဂျေဝန်း စုဆောင်းထားတဲ့ ဖိနပ်တွေထဲမှာ Nike၊ Yeezy စတဲ့ တန်ဖိုးကြီး ဖိနပ်တွေ ပါဝင်ပြီး ဖိနပ်ရောင်းရငွေကနေ အမေရိကန်ဒေါ်လာ ၄၀၀၀ ကျော် ရရှိခဲ့ပါတယ်။

” ကလေးရဖို့က ဘယ်ဖိနပ်ထက်မဆို ပိုအရေးကြီးပါတယ်။ ဒီဖိနပ်တွေကို ကျွန်တော် အချိန်အကြာကြီး စုထားပေမဲ့ ချီတုံချတုံဖြစ်စရာ မလိုတဲ့ကိစ္စပါ” လို့ အီးဂျေဝန်းက ပြောပါတယ်။ လောရန်ဟာ သုက်ပိုးကို သားအိမ်ထဲ တိုက်ရိုက်ထည့်ပြီး ကိုယ်ဝန်ရအောင် ၂ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကြိုးပမ်းဖို့ တစ်နည်းပဲ ကျန်တော့တဲ့အချိန်မှာ လောရန်ကလည်း ကလေးယူမယ့်ကိစ္စကို လက်လျှော့လုဆဲဆဲ ဖြစ်နေပါပြီ။ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးယူမယ်ဆိုရင် တစ်ကြိမ်ကို ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကနေ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကြား ကုန်ကျမှာဖြစ်လို့ သူတို့ အခက်အခဲ ကြုံခဲ့ရတာပါ။

ဒါပေမဲ့ အီးဂျေဝန်းက သူအမြတ်တနိုး စုဆောင်းထားတဲ့ ဖိနပ်တွေကို ရောင်းပြီး စရိတ်ရှာဖွေလိုက်ချိန်မှာတော့ လောရန်က မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကြိုးပမ်းမှုက အလုပ်ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လမှာတော့ ကိုယ်ဝန်လွယ်ထားရပြီလို့ သူတို့လင်မယားက ကြေညာခဲ့ပါတယ်။ လောရန်ဟာ အခုအချိန်မှာတော့ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၁၈ ပတ်ကြာမြင့်နေပြီး ကလေးလိုချင်တဲ့ သူတို့ရဲ့အိပ်မက်လည်း အမှန်တကယ် ဖြစ်လာတော့မှာပါ။

Ref: Dailymail “Devoted husband sells his prized sneaker collection for $5,000 to fund IVF treatment for his wife – who suffered EIGHT miscarriages during her five-year struggle to conceive”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top