ညနေခင်း တစ်ခုမှာ အရွယ်ရောက်ပြီး ဖြစ်တဲ့ လူငယ် တစ်ယောက်ဟာ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ သူ့အဖေနဲ့ အတူ စားသောက်ဆိုင်သို့ ရောက်ရှိ လာပါတယ်။ အဖေဖြစ်သူဟာ ကျန်းမာရေး မကောင်းတော့ပါဘူး။ အစားအသောက်ကို ကိုယ်တိုင် စားရမှာတောင် ခက်ခဲနေသူ ဖြစ်ပါတယ်။
တစ်လုတ်စားပြီးတာနဲ့ ပြန်အန်ထွက်လာတာကြောင့် ဘေး စားပွဲဝိုင်းမှာ ထိုင်နေတဲ့ သူများဟာ လှည့်ကြည့်ကြ ပါတော့တယ်။ အစား စားရခက်နေတဲ့ အဖေဖြစ်သူ ဘေးကို လူငယ်ဟာ ကပ်ထိုင်ပြီးတော့ တစ်လုပ်ချင်းစီ ခွံ့ကျွေးပါတော့ တယ်။ ပြန်အန်ထွက်လာတာတွေကိုလည်း လက်ကိုင်ပုဝါနဲ့ သေချာသုပ်ပေးပြီး သူ့ရဲ့ လက်နဲ့ အဝတ်အပေါ်လည်း အနည်းငယ်ပေတာတွေ သုတ်ပေးပါတယ်။ သူ့အဖေ စားလို့ ပြီးတဲ့အထိ သေချာ ခွံ့ကျွေးပြီး နောက်တော့ အဖေကို လက်မောင်းကနေ ဆွဲကူထလို့ သန့်စင်ခန်း သွားပါတယ်။ ပေနေတာတွေကို ဆေးပေးပါတယ်။ ထွက်လာတော့ ကောင်တာမှာ ငွေရှင်းပြီး ထွက်သွားပါတယ်။
ထွက်သွားစဉ် တိတ်ဆိတ်စွာ ဝိုင်းကြည့်နေကြတဲ့ စားသုံးသူများမှ အမျိုးသမီးကြီး တစ်ဦးဟာ သူ့ကိုလှမ်းပြောတယ်။
“သားငယ် မင်း တစ်ခုချန်ခဲ့တယ်”
ဒါနဲ့ သူဟာ အမေအရွယ်ရှိတဲ့ ယင်း အမျိုးသမီးကို သူဘာမှ မကျန်ခဲ့ကြောင်း ပြန်ပြောပါတယ်။ ဒီတော့ အမျိုးသမီးက ပြန်ပြောပါတယ်။
“မင်းချန်ခဲ့တာ အရာဝတ္ထု ပစ္စည်း မဟုတ်ဘူး ကလေး။ မင်းချန်ခဲ့တာ လူငယ် တွေအတွက် သင်ခန်းစာနဲ့ မိဘတွေအတွက် မျော်လင့်ချက်ပဲ”
Moral of the story –
ကျွန်တော်တို့ ငယ်စဉ်ဘဝ ထမင်းစားရခက်တဲ့အချိန်တုန်းက မိခင်၊ ဖခင်များဟာ မပင်ပန်း မငြီးငွေ့ရှာပဲ တစ်ဇွန်းချင်းစီ ခွံ့ကြွေးခဲ့ပါတယ်။ မာတဲ့ အရာတွေ စားရတာ ခက်မှာစိုးလို့ စားရလွယ်အောင် ကိုက်ခွဲပေးတာ၊ ချေပေးတာတွေ ပြုလုပ်ပေးပါတယ်။ အစားအသောက် စားတဲ့ နေရာတင်မက တစ်ကိုယ်ရေ သန့်ရှင်းရေးကိုပါ မငြီးမငြူ လုပ်ပေးကြတဲ့ မိဘများအတွက် သားသမီးများဟာ တစ်နေ့ ပြန်လည် ပြုစုသင့်တယ်ဆိုတာ သားလိမ္မာ၊ သမီးလိမ္မာတိုင်း သိပါလိမ့်မယ်။
Team (ရိုးရာလေး)