ဇနီးသည်ဖောက်ပြန်နေတာကို သက်သေယူဖို့ လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့သူ ပုဂ္ဂိုလ်ရေးချိုးဖောက်မှုနဲ့ ထောင် ၃ လ ချမှတ်ခံရ

21.8.2024-yyl-1.png

ဇနီးသည် ဖောက်ပြန်နေတာကို သက်သေယူဖို့အတွက် သူတို့နေအိမ်မှာ လျှို့ဝှက်ကင်မရာ တပ်ဆင်ခဲ့တဲ့ ထိုင်ဝမ်အမျိုးသားဟာ ပုဂ္ဂိုလ်ရေးချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရပါတယ်။ ဖန်လို့ အမည်ရတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူနဲ့ နှစ်ရှည်လများ ပေါင်းသင်းလာသူဖြစ်ပြီး သားသမီးနှစ်ယောက်လည်း ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ဖန်က သူ့မိန်းမ ဖောက်ပြန်နေတယ်လို့ သံသယရှိလာပြီး ဧည့်ခန်းထဲက စန္ဒယားအောက်၊ အိပ်ခန်းထဲက ကွန်ပျူတာအောက်မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ခဲ့တာပါ။

နောက် ၂ ပတ်အကြာမှာတော့ သူ့မိန်းမက အခြားယောကျာ်းတစ်ယောက်နဲ့ ဖောက်ပြန်နေတာ တွေ့ရှိခဲ့ပြီး ဖန်က ကွာရှင်းပြတ်စဲဖို့အတွက် ကင်မရာမှတ်တမ်းတွေကို သက်သေအထောက်အထားအဖြစ် အသုံးပြုခဲ့ပါတယ်။ ရှေ့နေကတစ်ဆင့် ကွာရှင်းဖို့ ညှိနှိုင်းရာမှာ ဇနီးဖြစ်သူက လက်မခံခဲ့လို့ တရားရုံးမှာ ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ ဖန်ရဲ့ဇနီးကလည်း သူ့သဘောတူညီချက်မပါဘဲ နေအိမ်မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ပြီး ပုဂ္ဂိုလ်ရေးချိုးဖောက်မှုနဲ့ ရဲစခန်းမှာ တိုင်ချက်သွားဖွင့်ခဲ့ပါတယ်။

ဇနီးသည်က ရေချိုးခန်းဝင်ရင် အချိန်ကြာလွန်းလို့ ကလေးတွေအပေါ် စိတ်ပူတာကြောင့် လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ခဲ့တာလို့ ဖန်က ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းချက်ကို တရားသူကြီးက လက်မခံခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာတော့ တုန်ယွမ်တရားရုံးက ဖန်ကို ပုဂ္ဂိုလ်ရေးချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်။ ဖန်က အယူခံဝင်ပေမဲ့ အထက်တရားရုံးကလည်း သူ့အယူခံကို ပယ်ချခဲ့ပါတယ်။ အခုအချိန်မှာတော့ ဖန်က ထောင်ဒဏ် ၃ လ ကျခံရတော့မှာပါ။

ဒီအမှုဟာ ထိုင်ဝမ်နဲ့ တရုတ်လူမှုကွန်ရက် စာမျက်နှာမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးချိုးဖောက်မှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကြား စည်းတွေ၊ မိသားစုအရေးကိစ္စတွေမှာ နည်းပညာရဲ့ သက်ရောက်မှုတွေအကြောင်း မှတ်ချက်ပေးလျက် ရှိပါတယ်။

Ref: Man Sentenced to 3 Months of Prison Time for Caching Wife Cheating
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top