ပါဆီလာဗွန်ဂျူလီယန်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး ဓာတုဗေဒပညာရှင်တစ်ယောက်ပါ။ ပဲပိစပ်ကနေ သူ ထုတ်ယူ တီထွင်ခဲ့တဲ့ ဆေးဝါးက သန်းပေါင်းများစွာသော လူ့အသက်တွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပါဆီဂျူလီယန်ရဲ့ နေအိမ်ကို အိမ်နီးချင်းတွေက မီးလောင်ဗုံးတွေ ပစ်သွင်းခဲ့ကြဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အသားအရောင်ကြောင့်ပါပဲ။ သူတို့ ပတ်ဝန်းကျင်မှာ လူမည်းတစ်ဦး နေထိုင်တာကို လက်မခံချင်ကြလို့ပါပဲ။
ပါဆီဂျူလီယန်ရဲ့အဘိုးက ငွေဝယ်ကျွန်ဖြစ်ခဲ့ပြီး သူ့အဖေကတော့ မီးရထား စာရေးပါ။ ပါဆီဂျူလီယန်ရဲ့အမေကတော့ ကျောင်းဆရာမ ပါ။ အလာဘားမားပြည်နယ်၊ မောင့်ဂိုမာရီမြို့မှာ ပါဆီဂျူလီယန်ကို မွေးဖွားခဲ့ပါတယ်။ သူတို့နေထိုင်တဲ့ နေရာမှာ လူမည်းတွေ အထက်တန်းပညာရေး သင်ယူခွင့်မရပါဘူး။ ဒါပေမဲ့ သူ့မိဘတွေကတော့ ဂျူလီယန်ကို လူမည်းကျောင်းသားတွေအတွက် ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်းမှာ ပညာသင်ယူစေခဲ့ပြီး ပညာရေးက သူ့ဘဝကို ပြောင်းလဲစေခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ်မှာ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ ဒီပေါ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရပေမဲ့ အဆင့်မြင့် ပညာရေးကို ကောင်းကောင်းမသင်ခဲ့ရတဲ့ ဂျူလီယန်ဟာ အခြားကျောင်းသားတွေနဲ့ယှဉ်ရင် သိမှု၊ ဗဟုသုတအပိုင်းမှာ အလှမ်းကွာလွန်းနေပါတယ်။ ဒီအတွက်ကြောင့် သူဟာ နေ့ဘက်မှာ တက္ကသိုလ်တက်၊ ညပိုင်းမှာ အထက်တန်းအဆင့် သင်ရိုးကို ပြန်လေ့လာခဲ့ရပါတယ်။
သူ့ရဲ့ ဇွဲလုံလကြောင့် ဂျူလီယန်က အတန်းထဲမှာ သူများထက် ပိုတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး ၁၉၂၀ ပြည့်နှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ သူက ဓာတုဗေဒဘာသာရပ်မှာ ဒေါက်တာဘွဲ့ယူချင်ပေမဲ့ တက္ကသိုလ်တွေက သူ့ရဲ့လျှောက်လွှာကို ပယ်ချခဲ့ကြပါတယ်။ တစ်ခုတည်းသော အကြောင်းရင်းကတော့ လူမည်းဆိုရင် လက်မခံဘူးဆိုတာပါပဲ။
ဂျူလီယန်က အဆင့်မြင့် သုတေသနလုပ်ခွင့် မျှော်လင့်ချက်ကို စောင့်စားရင်း လူမည်းကောလိပ်တွေမှာ စာသင်နေခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်မှာတော့ သြစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ်ကနေ ပညာသင်ဆု ရရှိခဲ့ပြီး ၂ နှစ်အကြာမှာတော့ ဒေါက်တာဘွဲ့ ရပြီး အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျူလီယန်ဟာ အမေရိကန်နိုင်ငံရဲ့ ပညာရည်အပြည့်ဝဆုံး ဓာတုဗေဒပညာရှင်တစ်ဦး ဖြစ်ပေမဲ့ အမေရိကန်တက္ကသိုလ်တွေကတော့ သူ့ကို သုတေသနပညာရှင်အဖြစ် ခန့်အပ်ဖို့ လက်မခံကြပါဘူး။
နောက်ဆုံးမှာတော့ ဒီပေါ်တက္ကသိုလ်မှာ သုတေသနပညာရှင်အဖြစ် ခန့်အပ်ခံရပြီး မျက်စိ ရေတိမ်ရောဂါကို ကုသနိုင်မယ့် ဖိုင်ဆိုစတစ်ဂမင်းဆေးဝါးကို ပဲပင်ကနေ ထုတ်ယူဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံပညာနယ်ပယ်မှာ သူ့ကို ကျော်ကြားစေမယ့် အောင်မြင်မှုမျိုးပါ။ ဒါပေမဲ့ ဒီအကြောင်းအရာကို စောလျှင်စွာ စာတမ်းတင်ခဲ့တဲ့ လူဖြူသိပ္ပံပညာရှင်ကိုသာ အသိအမှတ်ပြုခဲ့ကြပြီး ဂျူလီယန်ရဲ့ ကြိုးပမ်းမှုကို မျက်ကွယ်ပြုခဲ့ကြပါတယ်။ တကယ်တော့ လူဖြူသိပ္ပံပညာရှင်နဲ့ နှိုင်းယှဉ်ရင် ဂျူလီယန်ရဲ့ လေ့လာတွေ့ရှိမှု၊ ထုတ်ဖော်ဖန်တီးမှုက ပိုမိုပြည့်စုံခဲ့ပါတယ်။
ဂျူလီယန်ဟာ ဒီပေါ် တက္ကသိုလ်မှာ ပါမောက္ခရာထူး လျှောက်ထားခဲ့ပေမဲ့ လူမည်းတစ်ဦးကို ပါမောက္ခအဖြစ် ခန့်အပ်ဖို့ အသင့်မဖြစ်သေးဘူးလို့ တက္ကသိုလ်အာဏာပိုင်တွေက တိုးတိုးတိတ်တိတ် အကြောင်းကြားခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ ဂျူလီယန်ဟာ ပညာရေးနယ်ပယ်ကို ကျောခိုင်းပြီး အိမ်သုတ်ဆေးနဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်တဲ့ ဂလစ်ဒန်ကုမ္ပဏီမှာ သုတေသနဒါရိုက်တာအဖြစ် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ဓာတုဗေဒလုပ်ငန်းမှာ အာဖရိကနွယ်ဖွားတစ်ဦးကို ဒီလိုရာထူးမျိုးနဲ့ ခန့်အပ်တာ ပထမဆုံးပါပဲ။
ဂလစ်ဒန်ကုမ္ပဏီမှာ ဂျူလီယန်က ပဲပိစပ်နဲ့ပတ်သက်တဲ့ အပိုင်းတွေ စတင်ကိုင်တွယ်ရပြီး ပဲပိစပ်ကနေ ဆေးဖော်စပ်ဖို့ အဓိကကျတဲ့ ကွန်ပေါင်းထုတ်လုပ်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကွန်ပေါင်းဟာ ဟော်မုန်းထုတ်လုပ်မှုနဲ့
အခြားအဓိကကျတဲ့ ဆေးဝါးဖော်စပ်မှုတွေအတွက် အခြေခံကျတဲ့ ကွန်ပေါင်းတွေပါပဲ။
၁၉၄၀ ပြည့်နှစ်မှာတော့ ကိုယ်ဝန်ပျက်ကျမှုတွေကို တားဆီး ကာကွယ်ပေးနိုင်ပြီး မျိုးပွားမှုကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်မယ့် progesterone ဟော်မုန်းတွေ ထုတ်လုပ်ပေးနိုင်မယ့် နည်းလမ်းကို တီထွင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျူလီယန်က သူ့ဘဝတစ်လျှောက် အရေးအပါဆုံး တွေ့ရှိမှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရစစ်သည်တွေဟာ သွေးဆုံးရှုံးမှုကြောင့် တုန်လှုပ်ခြောက်ချားမှု ခံစားရပြီး အဲဒီအချိန်တုန်းက ဒီပြဿနာကို ကုသနိုင်မယ့် နည်းလမ်းက ကုန်ကျစရိတ်များသလို သယ်ယူပို့ဆောင်ဖို့လည်း ခက်ခဲပါတယ်။ ဂျူလီယန်က တုန်လှုပ်ခြောက်ခြားမှုနဲ့ ယောင်ယမ်းမှုတွေကို ကုသပေးနိုင်မယ့် ကော်တီဇုန်းစတီးရွိုက်ကို ပဲပိစပ်ကနေ ထုတ်ယူနိုင်မယ့်နည်းလမ်းကို တွေ့ရှိခဲ့တာပါ။ ကုန်ကျစရိတ် နည်းနည်းလေးနဲ့ ကုသနိုင်မယ့် နည်းလမ်းဖြစ်လို့ စစ်ပွဲကာလအတွင်း လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
ဂျူလီယန်ဟာ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ ဓာတုဗေဒပညာရပ်ပိုင်းမှာ တော်လှန်ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့ပေမဲ့ လူမျိုးရေး ခွဲခြားမှုတွေကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ၁၉၅၀ ပြည့်နှစ်မှာ ဂျူလီယန်နဲ့ သူ့မိသားစုတွေဟာ အီလီနွိုက်ပြည်နယ်၊ အုတ်ပါ့ခ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူဖြူတွေက မကျေနပ်ကြလို့ သူတို့အိမ်ထဲကို မီးလောင်ဗုံးတွေ ပစ်သွင်းခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ဂျူလီယန်ရဲ့မိသားစုတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘဲ လွတ်မြောက်ခဲ့ပါဘူး။ နောက်ပိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုး မကြာခဏ ထပ်ဖြစ်ခဲ့ပေမဲ့ ဂျူလီယန်မိသားစုကတော့ သူတို့နေအိမ်ကို စွန့်ခွာသွားခြင်း မရှိပါဘူး။ လုံခြုံရေးစနစ်တွေ တပ်ဆင်ခဲ့ပြီး ဆက်လက်နေထိုင်ခဲ့ပါတယ်။
၁၉၅၃ ခုနှစ်မှာ ဂျူလီယန်က ဂလစ်ဒန်ကုမ္ပဏီကနေ ထွက်ပြီး သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခဲ့ပါတယ်။ သူဟာ ဆေးဝါးတွေ ထုတ်လုပ်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့ပေမဲ့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု၊ လူမည်းကျောင်းသားတွေအတွက် ပညာသင်ဆု ရန်ပုံငွေ ထူထောင်ရေး၊ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရေး စတဲ့ကိစ္စရပ်တွေမှာ အသုံးပြုခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာတော့ ဂျူလီယန်ဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားတီထွင်သူများဆိုင်ရာ နာမည်ကျော်ပြခန်းမှာ ထည့်သွင်းဂုဏ်ပြုခံခဲ့ရပြီး အမေရိကန် တံဆိပ်ခေါင်းမှာလည်း သူ့ရဲ့ပုံကို ဖော်ပြ ဂုဏ်ပြုခံခဲ့ရသူပါ။
Ref: Percy Julian
NZ (ရိုးရာလေး)

