ရေကို အခြေခံတဲ့ ဘက်ထရီအသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေ တီထွင်

ucl.jpg

သိပ္ပံပညာရှင်တွေဟာ ရေကိုအခြေခံထားတဲ့ ဘက်ထရီအသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အားသွင်း၊ သုံးစွဲမှု အကြိမ်ရေ ၁၀၀၀ လုပ်ပြီးချိန်မှာတောင် အဲဒီဘက်ထရီရဲ့ စွမ်းအင်သိုလှောင်နိုင်စွမ်း ၉၆ ရာခိုင်နှုန်းအထိ ကျန်နေသေးတာ တွေ့ရပါတယ်။

University College London (UCL) မှ သိပ္ပံပညာရှင်တွေက ဦးဆောင်ပြီး အောက်စဖို့ဒ်တက္ကသိုလ် (University of Oxford) က သုတေသီတွေလည်း ဒီသုတေသနမှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီဘက်ထရီထဲမှာ ဇင့်နဲ့ အိုင်အိုဒင်းတို့ကို အထူးဖန်တီးထားတဲ့ ရေအခြေခံ လျှပ်ကူးရည်နဲ့ တွဲဖက်အသုံးပြုထားတာပါ။ သာမန်အိုင်အိုဒင်းဘက်ထရီတွေလို အီလက်ထရွန် ၂ လုံးမဟုတ်ဘဲ အီလက်ထရွန် ၄ လုံးအထိ ကူးပြောင်းပေးနိုင်စွမ်း ရှိတာကြောင့် စွမ်းအင်သိုလှောင်နိုင်စွမ်းကလည်း အရင်ကထက် နှစ်ဆလောက် ပိုများလာနိုင်ခြေ ရှိနေပါတယ်။

ဆက်လက်စမ်းသပ်မှုတွေအရ အားသွင်း၊ သုံးစွဲမှု အကြိမ်ရေ ၂,၀၀၀ ပြည့်သွားတဲ့အထိ ဘက်ထရီရဲ့ စွမ်းဆောင်ရည် ၉၄ ရာခိုင်နှုန်းကို ထိန်းထားနိုင်တုန်းပါပဲ။

ရေကိုအခြေခံတဲ့ ဘက်ထရီတွေဟာ ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တွေကနေ ရလာတဲ့ လျှပ်စစ်စွမ်းအင်တွေ သိုလှောင်ရာမှာ ပိုပြီးဘေးကင်းသလို ကုန်ကျစရိတ်လည်း ပိုသက်သာစေမယ့် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းပညာဟာ သုတေသနပြုလုပ်နေဆဲ အဆင့်မှာပဲ ရှိသေးပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။

Ref: Scientists have developed a new water-based battery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top