နိုဝင်ဘာ ၉ ရက်နေ့က မကာအိုမှာ ကျင်းပခဲ့တဲ့ Waterbomb Festival မှာ နာမည်ကြီးကိုရီးယားအဆိုတော် HyunA ဟာ ဖျော်ဖြေနေစဉ်အတွင်း မေ့လဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စင်မြင့်ထက်မှာ နာမည်ကြီးသီချင်း Bubble Pop ကို ဖျော်ဖြေတင်ဆက်နေခဲ့တာပါ။
ပွဲကြည့်ပရိသတ်ရိုက်ထားတဲ့ ဗီဒီယိုမှာ HyunA ကို စင်မြင့်ထက်မှာ မေ့လဲမသွားခင် ကနေတာတွေ့ရပါတယ်။ ကပြဖျော်ဖြေနေစဉ် မေ့လဲကျသွားကာ သူ့နောက်မှာ ကနေတဲ့ အကသမား ၂ ဦးက သူ့ကို ကူညီပေးခဲ့တဲ့အပြင် ဘောဒီဂတ်ကလည်း သူ့ကို စင်ပေါ်ကနေ ပွေ့ချီသွားခဲ့ပါတယ်။ အခု အဲ့ဒီဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။
ဒီဗီဒီယိုကြောင့် ပရိသတ်တွေက HyunA ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။ အခုလို မေ့လဲသွားခဲ့တာက အလွန်အမင်း Diet လုပ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုခန့်မှန်းနေကြပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က HyunA က ၁ လအတွင်း ၂၂ ပေါင် ကျသွားပြီလို့ အင်စတာဂရမ်မှာ ပြောပြခဲ့တာပါ။ ကိုယ်အလေးချိန်ကျဖို့အတွက် Diet လုပ်တာကို အောက်တိုဘာ ၃ ရက်နေ့က စတင်ခဲ့တာပါ။
Hyun A က သူ မေ့လဲသွားပြီးနောက်မှာတော့ ပရိသတ်တွေအတွက် တောင်းပန်စာတင်ခဲ့ပါတယ်။ “ကျွန်မ တကယ်ကို တောင်းပန်ပါတယ်။ ကောင်းကောင်းဖျော်ဖြေတင်ဆက်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ ပရော်ဖက်ရှင်နယ်မဆန်ခဲ့လို့ ခံစားရပါတယ်။ အရိုးသားဆုံးပြောရရင် အဲ့ဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မမှတ်မိဘူး။ မကာအိုပရိသတ်တွေအများကြီးလာကြတယ်။ A-ing (HyunAရဲ့ Fandom) လည်း ရှိနေခဲ့တယ်။ ဖျော်ဖြေပွဲကို ကြည့်ဖို့အတွက် လူတိုင်းလာခဲ့ကြတယ်။ ကျွန်မ တောင်းပန်ပါတယ်။ တကယ်ပါ။ အရမ်းအရမ်းတောင်းပန်ပါတယ်။ ကျွန်မ ခံနိုင်ရည်ရှိအောင်လုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက ကျွန်မလို လူမျိုးကို အမြဲချစ်ခင်မြတ်နိုးပံ့ပိုးပေးခဲ့ကြတယ်။ ကျေးဇူးတင်စကားပြောချင်ပါတယ်။ ကျွန်မ တကယ်အဆင်ပြေပါတယ်။ ကျွန်မအတွက် မစိုးရိမ်ပါနဲ့။ ကောင်းသောညလေးဖြစ်ပါစေ”လို့ ဆိုထားပါတယ်။
HyunAက မေ့လဲသွားရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ပြောသွားခဲ့ခြင်းမရှိပါဘူး။
HyunA မေ့လဲတဲ့ဗီဒီယိုကြည့်ရှုရန် –https://www.tiktok.com/@channelnewsasia/video/7570927784642514184
Ref: Singer HyunA collapses during performance at Waterbomb in Macau
WL ( ရိုးရာလေး)

