ကျောက်ကပ်လှူဒါန်းမှုနဲ့ Surprise တိုက်ခံရတဲ့ အမျိုးသားတစ်ဉီး

22-9-2021-yyl1.jpg

မန်ချက်စတာမြို့က ဘော့ဘ် စကာဘိုရောချ် (Bob Scarborough) ဆိုသူက ကျောက်ကပ်အစားထိုးကုသမှုခံယူဖို့အတွက် စောင့်ဆိုင်းနေရတဲ့ အမေရိကန်လူမျိုး အယောက် (၉၀,၀၀၀) ထဲက တစ်ယောက်ပါပဲ။ အခုတော့ သူဟာ စောင့်ဆိုင်းစရာမလိုတော့ပါဘူး။ သူ့နဲ့ ကျောက်ကပ်အစားထိုးဖို့ ကိုက်ညီတဲ့ အလှူရှင်ပေါ်လာခဲ့ပါပြီ။ သူ့အတွက် အခုလိုကျောက်ကပ်အလှူရှင်ပေါ်လာမယ်လို့ ဘော့ဘ်က မမျှော်လင့်မိခဲ့တာပါ။ ဆွေမျိုးနီးစပ်တော်တဲ့ သူတွေထဲက ကာရီ ကင်မ်ဘောလ် (Carrie Kimball) က ကျောက်ကပ်အစားထိုးလှူဒါန်းမှုနဲ့ ဘော့ဘ်ကို Surprise တိုက်ခဲ့တာဖြစ်ပါတယ်။

ကာရီရဲ့အစ်ကိုက သူ့ရဲ့ယောက္ခထီး ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေတယ်ဆိုတာ ပြောလို့ ကာရီသိခဲ့ရတယ်။ အဲဒီလိုသိရတဲ့အချိန်မှာ ကာရီက သူ့အစ်ကိုရဲ့ယောက္ခထီး ဘော့ဘ်ကို အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကာရီက ဘော့ဘ်ကို ကျောက်ကပ်ပေးဖို့ ကိုက်ညီမှုရှိမရှိ တိတ်တဆိတ် ဆေးစစ်ချက်ပြုလုပ်ခဲ့ပါတယ်။ ဘော့ဘ်အတွက် ကျောက်ကပ်လှူဒါန်းပေးဖို့ လုံးဝကိုက်ညီတယ်ဆိုတဲ့ ဆေးစစ်ချက်လည်း ထွက်ရှိခဲ့ပါတယ်။

ကာရီက ကျောက်ကပ်လှူဒါန်းဖို့ ကိုက်ညီတယ်ဆိုတဲ့ ကောင်းသတင်းကို သိရတဲ့အချိန်မှာ “ငါက မင်းရဲ့လှူဒါန်းသူပါ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဘော့ဘ်ကို Surprise လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဘော့ဘ်က ကာရီရဲ့ဆိုင်းဘုတ်ကို မြင်တဲ့အချိန်မှာ ဒါက သူ့အတွက် ဘယ်လောက်တောင် အဓိပ္ပာယ်ရှိလဲဆိုတာ ပြောမပြတတ်အောင်ပါပဲတဲ့။ ဘော့ဘ်က ကာရီကို ကျေးဇူးတင်လို့မဆုံးဖြစ်နေပါတယ်။ တကယ်ကို အံ့အားသင့်သွားခဲ့ရတာပါ။

ကာရီရဲ့သမီး အယ်ဆာ လာမွန်တ် (Alyssa Lalmond) ကလည်း ဘော့ဘ်ကို ကာရီ Surprise တိုက်တဲ့ အခိုက်အတန့်လေးကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ အယ်ဆာက အခြားသူတွေလည်း သူ့မိခင်လိုပဲ လိုက်လုပ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ “မင်းမှာ အင်္ဂါအစိတ်အပိုင်းလှူဒါန်းဖို့ အခွင့်အရေးရှိရင် လှူဒါန်းချင်ရင် အကောင်အထည်ဖော်ဖို့ မျှော်လင့်ပါတယ်။ မင်းက တစ်စုံတစ်ယောက်ရဲ့ဘဝကို ကယ်တင်နေတာပါ”လို့ အယ်ဆာက ပြောပါတယ်။

ဘော့ဘ်က သူ့ရဲ့မိသားစုကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် ကျွန်တော့်ရဲ့ဘဝက အကြာကြီးနေရတော့မယ်။ ကျွန်တော် ကြံ့ခိုင်သန်မာရမယ်။ ကျွန်တော့်ဘဝအတွက် ပိုကောင်းတာတွေဖြစ်ရမယ်” လို့ ဘော့ဘ်က ပြောပါတယ်။

Ref: ABCNews “Woman surprises relative after being approved as kidney donor”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top