သင့်ကျန်းမာရေးအတွက် ဟင်းနုနွယ်ရွက်စားပေးပါ

9-6-2020-yyl-017.jpg

ဟင်းနုနွယ်ရွက်က အာဟာရများစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ရွက် တစ်ပန်းကန်မှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေ၊ ကယ်လိုရီအနည်းငယ်၊ ကယ်စီယံ၊ သံဓာတ် (၃၀) ဂရမ်ပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးတာက ကိုယ်ခံအားစနစ်အတွက် ကောင်းပါတယ်။ အခုလို COVID-19 ကာလမှာ ကိုယ်ခံအားကောင်းဖို့အတွက် ဟင်းနုနွယ်ရွက် စားပေးသင့်ပါတယ်နော်။ ဟင်းနုနွယ်ရွက်က နေ့စဉ်စားသုံးဖို့အတွက် အလွယ်ကူဆုံးနဲ့ ကျန်းမာရေးအကောင်းဆုံး အစားအစာတွေထဲက တစ်ခုလို့ပြောကြပါတယ်။ ဒီအရွက်က ကိုယ်ခံအားစနစ်အတွက် ကောင်းရုံသာမက အမြင်အာရုံအတွက်လည်း ကောင်းပါတယ်။

ဟင်းနုနွယ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဒီအချက်တွေတင်မကသေးပါဘူး။ ဒီအရွက်က ဖော်လစ်၊ သံဓာတ်၊ လူတင်းဓာတ်အပါအဝင် အာဟာရပြည့်ဝတဲ့ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေနဲ့ ပြည့်ဝနေတာကြောင့် ကြွက်သားတွေကို ကျစ်လျစ်စေပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အပင်ကနေရရှိနိုင်တဲ့ အရွက်လည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ ဓာတ်များစွာပါတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်ကို နေ့တိုင်း နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးလို့ရပါတယ်။ ဟင်းနုနွယ်ရွက်ကို ဘယ်လိုမျိုးလုပ်စားလို့ရလဲဆိုတာကို နည်းနည်းမျှဝေပေးလိုက်ရပါတယ်။

ဟင်းနုနွယ်ရွက် Smoothie

မနက်စာအနေနဲ့ ဟင်းနုနွယ်ရွက်ဖျော်ရည်ကို သောက်ပေးတာက မနက်ခင်းကို စတင်လို့ အကောင်းဆုံး နည်းလမ်းတွေထဲကတစ်ခုပါ။ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့အတွက် ဟင်းနုနွယ်ရွက်ကို ဖျော်ရည်လုပ်သောက်လို့ရပါတယ်။ သင်က Workout လုပ်ရတာ ကြိုက်တယ်ဆိုရင်လည်း ဟင်းနုနွယ်ရွက်ဖျော်ရည်က လန်းဆန်းတက်ကြွအောင် လုပ်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက် ဖျော်ရည်အပြင် အစေ့အဆံတွေ စားပေးရင်လည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ကြက်ဥနဲ့ ဟင်းနုနွယ်ရွက်ကြော်

ဟင်းနုနွယ်ရွက်ကို ကြက်ဥနဲ့ ကြော်စားဖြစ်ကြမှာပါ။ ကြက်ဥကလည်း ကိုယ်ခံအားစနစ်အတွက် အကောင်းဆုံး အစားအစာတွေထဲကတစ်ခုပါပဲ။ နေမကောင်းတဲ့သူကို ပြန်လည် ကောင်းမွန် လာစေနိုင်တဲ့ အားဖြည့် အစားအစာလည်း ဖြစ်ပါတယ်။ သင့်ကျန်းမာရေး ကောင်းဖို့အတွက် ကြက်ဥနဲ့ဟင်းနုနွယ်ရွက်တို့ကို ကြော်စားကြည့်ပါ။ ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန် ချချင်နေတဲ့သူတွေအတွက်လည်း ကောင်းပါတယ်။

ပဲနီလေးနဲ့ ဟင်းနုနွယ်ရွက်

မြန်မာနိုင်ငံမှာ ဟင်းနုနွယ်ရွက်ကို ကြော်စားကြတာများပေမယ့် တချို့နိုင်ငံတွေမှာလည်း အမျိုးမျိုး လုပ်စားကြပါတယ်။ ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေဖို့အတွက် နောက်တစ်နည်းက ဟင်းနုနွယ်ရွက်နဲ့ ပဲနီလေးကို ချက်စားတာပါပဲ။ ဒီဟင်းလျာက အရမ်းအရသာရှိပြီး ကျန်းမာရေး အတွက်ကောင်းမွန်ပါတယ်။ ပဲနီလေးကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဇင့်၊ သံဓာတ်နဲ့ သွေးဖြူဆဲလ် အားကောင်းစေတဲ့ lymphocytes ဓာတ်တွေ ပါဝင်ပါတယ်။ ပဲနီလေးကို ဟင်းနုနွယ်ရွက်နဲ့ ပေါင်းချက်လိုက်တဲ့အခါမှာ ရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ် ကောင်းအောင်နဲ့ ကျန်းမာစွာနေနိုင်ဖို့အတွက် တစ်နေ့တာအစားအစာကို အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာမျိုးစုံစားသုံးပေးပါ။ တစ်မျိုးတည်းကို ဆွဲမစားပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အာဟာရမဖြစ်တဲ့ အစားအစာတွေကို ရှောင်တာ၊ စိတ်ဖိစီးမှုကင်းအောင်နေတာက ဖျားနာမှုတွေရဲ့အန္တရာယ်ကနေ ကင်းဝေးစေနိုင်တဲ့ အရာတချို့ပါပဲ။

Ref: Spinach for immunity: ways to have it for a healthy body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top