ဖောရက်စ်ဖင်းန်ရဲ့ ဒေါ်လာ တစ်သန်းကျော်တန် ရတနာသေတ္တာကို တွေ့ရှိသူ ပေါ်ပေါက်ပြီ

9-6-2020-yyl-022.jpg

ရော့ခ်ကီတောင်တန်းမှာ ဝှက်ထားတဲ့ ‌ရတနာသေတ္တာကို လူတစ်ယောက်က ရှာတွေ့သွားပြီလို့ မူလပိုင်ရှင်က ပြောပါတယ်။ ရတနာ‌သေတ္တာထဲမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ဖိုးရှိတဲ့ ရွှေ၊ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ အပြည့်ပါဝင်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ရှေးဟောင်းပစ္စည်း စုဆောင်းသူ ဖောရက်စ်ဖင်းန်က ရော့ခ်ကီတောင်တန်းမှာ ဝှက်ထားခဲ့တာပါ။ ဖောရက်စ်ဖင်းန်ဟာ သူ့ရဲ့ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိစာအုပ် (The Thrill of the Chase) ထဲမှာ ရတနာတွေရှိတဲ့နေရာကို သဲလွန်စပေးတဲ့ ကဗျာတစ်ပုဒ် ရေးသားထားပါတယ်။ စီးပွားရေးကျဆင်းလို့ ငွေကြေးအခက်အခဲ ကြုံနေရသူတွေ မျှော်လင့်ချက်ရှိစေဖို့၊ တောတောင်ပတ်ဝန်းကျင်ကို လူတွေစူးစမ်းရှာဖွေကြစေဖို့ ရည်ရွယ်ချက်နဲ့ ရတနာသေတ္တာကို ဝှက်ခဲ့တာလို့ ဖောရက်စ်ဖင်းန်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူ ဝှက်ထားတဲ့ ရတနာသေတ္တာကို ရှာဖွေသူ ၃၅၀,၀၀၀ လောက်အထိ ရှိခဲ့ပါတယ်။ တချို့ဆိုရင် အလုပ်ကနေထွက်၊ စုဆောင်းထားတဲ့ပိုက်ဆံကို သုံးစွဲပြီး ရတနာသေတ္တာ ရှာဖွေခဲ့ကြတာပါ။ ရတနာသေတ္တာရှာဖွေရင်းနဲ့ သေဆုံးသူ ၄ ယောက် ရှိခဲ့ပါတယ်။ ရတနာသေတ္တာကို ရှာတွေ့သွားသူက အမေရိကန်နိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်သူ အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နာမည်ကို ထုတ်ပြောဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ရတနာသေတ္တာကို ဓာတ်ပုံရိုက်ပို့ပြီး သူ တွေ့သွားပြီဆိုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ ရတနာသေတ္တာ ရှာတွေ့သွားလို့ ဘယ်လိုခံစားရလဲလို့ မေးမြန်းချိန်မှာ ဖောရက်စ်ဖင်းက ” မပြောတတ်ဘူး။ ဝမ်းသာရမလို ဝမ်းနည်းရမလိုပဲ။ ရတနာသေတ္တာ ရှာဖွေမှုက ပြီးဆုံးသွားပြီလေ”လို့ ပြောပါတယ်။

Ref: BBC & Sunny Skyz ” Forrest Fenn: Collector says his $1m Rocky Mountain treasure hunt has been won”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top