နှစ်စဉ် ဟင်းသီးဟင်းရွက် တန်ချိန် ၂၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံးအိမ်တွင်းဒေါင်လိုက်စိုက်ပျိုးရေးခြံကို စင်ကာပူမှာ ဖွင့်လှစ်

Farm.png

ကမ္ဘာ့အမြင့်ဆုံးအိမ်တွင်းဒေါင်လိုက်စိုက်ပျိုးရေးခြံကို စင်ကာပူကုမ္ပဏီ Greenphyto က မိတ်ဆက်ခဲ့ပါတယ်။ ဒီခြံက အမြင့် ၂၃.၃ မီတာနဲ့ အရှည် ၁၁၈ မီတာရှိတဲ့ Hydroponic မြေမလိုအပင်စိုက်ပျိုးရေးနည်းပညာနဲ့ အဆောက်အအုံဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ လည်ပတ်ကာ မှတ်ဉာဏ်တုနည်းပညာနဲ့ မောင်းနှင်ထားပါတယ်။

Jurong West စက်မှုဇုန်မှာ တည်ရှိပြီး နှစ်စဉ် ဟင်းသီဟင်းရွက် တန်ချိန် ၂၀၀၀၀ စိုက်ပျိုးလို့ရတဲ့ ဒီခြံကို ဇန်နဝါရီ ၇ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့တာပါ။ ၁၄ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ စင်ကာပူဒေါ်လာ သန်း ၈၀ တန် ငါးထပ်အဆောက်အဦးက ၂ ဟတ်တာ ကျယ်ဝန်းတဲ့မြေဧရိယာမှာ တည်ရှိပြီး လက်ရှိမှာတော့ ဟင်းသီးဟင်းရွက် တန် ၂၀၀ ထုတ်လုပ်လျက်ရှိပါတယ်။ ကိုက်လန်နဲ့ ဆလတ်ရွက်လို ထုတ်ကုန်တွေကို Hydrogreens ကုန်အမှတ်တံဆိပ်နဲ့ Fairprice၊ Sheng Siong အပါအဝင် ဆိုင်ပေါင်း ၉၅ ဆိုင်မှာ ရောင်းချပါတယ်။ ခြံကို စက်ရုပ်တွေနဲ့ အားဖြည့်ထားပြီး အလိုအလျောက်နည်းပညာနဲ့ လည်ပတ်ထားပါတယ်။

၂၀၂၂ ခုနှစ် ဝန်းကျင်မှာ VertiVegies ကုမ္ပဏီက အိမ်တွင်းဒေါင်လိုက်စိုက်ပျိုးရေးခြံကို တည်ဆောက်ဖို့ အစီအစဉ်ကို စွန့်လွှတ်ခဲ့သလို I.F.F.I ကုမ္ပဏီကလည်း စတုရန်းမီတာ ၃၈၀၀၀ ရှိတဲ့ ကြီးမားတဲ့စက်ရုံကို ပိတ်သိမ်းခဲ့ပါတယ်။ ဒီပိတ်သိမ်းမှုတွေက သူ့ကို အောင်မြင်စေဖို့ ပိုမိုစိတ်ပိုင်းဖြတ်စေခဲ့တယ်။ နည်းပညာပေါ်မှာ အာရုံစိုက်မှုနဲ့ တီထွင်ဆန်းသစ်မှုက ပိုမိုကောင်းမွန်တဲ့ အရည်အသွေးမြင့်ထုတ်ကုန်နဲ့ ကုန်ကျစရိတ်ထိရောက်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ Greenphyto တည်ထောင်သူ ဆူဆန်ချုန်က ပြောပါတယ်။

Greenphyto က စွမ်းအားသုံးစွဲမှုကို ၃၀ ရာခိုင်နှုန်းလောက် လျှော့ချခဲ့ပြီး မြင့်မားတဲ့စွမ်းအင်ကုန်ကျစရိတ်တွေကြောင့် အကျိုးအမြတ်မထိခိုက်စေအောင် သေချာစေခဲ့ပါတယ်။ အစားအစာဖြုန်းတီးမှုကို ရှောင်ရှားဖို့အတွက် FairPrice၊ Sheng Siong၊ Meidi-Ya နဲ့ Far East Flora ဆိုင်တွေလို လက်ကားရောင်းချသူတွေနဲ့ ပူးပေါင်းပြီးတော့ မှာယူမှုအတိုင်း လုပ်ဆောင်ပါတယ်။

Greenphyto တည်ထောင်သူ ဆူဆန်ချုန်က ၂၀၁၁ ခုနှစ်မှာ မြေမလိုစိုက်ပျိုးရေးဈေးကွက်ထဲ မဝင်ရောက်ခင် ရေရှည်တည်တံ့တဲ့ ထုတ်ပိုးမှုကုမ္ပဏီ Greenpac ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ပထမဆုံး‌ မြေမလိုစိုက်ပျိုးရေးစနစ်ကို တည်ဆောက်ခဲ့ပါတယ်။ သူဟာ Taman Jurongက ဒေသခံတွေကို မြေမလို စိုက်ပျိုးရေးစနစ်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းကို သင်ကြားပေးနေခဲ့တာပါ။ နောက်ပိုင်းကျမှ Greenpac ကုမ္ပဏီကို ရောင်းမချခင် Greenphyto ကုမ္ပဏီကို မှတ်ပုံတင်ခဲ့ပါတယ်။

Greenphyto ကုမ္ပဏီရဲ့ဝင်ငွေက ဟင်းသီးဟင်းရွက်ရောင်းချတာအပြင် စိုက်ပျိုးရေးစနစ်နဲ့ AI ဆော့စ်ဝဲတွေကနေလည်း ရရှိပါတယ်။ Greenphytoက စိုက်ပျိုးရေးစနစ်ကို မြှင့်တင်ဖို့အတွက် မလေးရှားနဲ့ နယ်သာလန်တို့မှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားပြီးပါပြီ။

Ref: S’pore opens world’s tallest indoor vertical farm, able to produce 2,000 tonnes of vegetables annually

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top