နို့အထွက်နှုန်း အင်မတန်ကောင်းတဲ့ နို့စားနွားမ ၃ ကောင်ကို တရုတ်သိပ္ပံပညာရှင်တွေက ပုံတူမျိုးပွား မွေးဖွားနိုင်ခဲ့

2.2.2023-image-5.jpg

တိရစ္ဆာန်ပုံတူမျိုးပွားမှုပိုင်းမှာ တဟုန်ထိုး တိုးတက်လာတဲ့ တရုတ်နိုင်ငံက နို့အထွက်နှုန်း အင်မတန်ကောင်းတဲ့ နယ်သာလန်နို့စားနွားမ ၃ ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ သစ်တောသိပ္ပံနဲ့ နည်းပညာဆိုင်ရာ အနောက်မြောက်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ပုံတူမျိုးပွားခဲ့တဲ့ နို့စားနွားမ ၃ ကောင်ကို တရုတ်နှစ်သစ်ကူးနေ့ မတိုင်ခင် ရက်သတ္တပတ်များအတွင်း နင်ရှားဒေသမှာ မွေးဖွားခဲ့တာပါ။

နို့အထွက်နှုန်း ကောင်းလွန်းတဲ့ နို့စားနွားမတွေရဲ့ နားရွက်ဆဲလ်ကနေ ပုံတူမျိုးပွား သန္ဓေသား ၁၂၀ ဖန်တီးခဲ့ပြီး အငှားနွားမိခင် ဗိုက်ထဲမှာ သန္ဓေဆောင်ခိုင်းခဲ့တာဖြစ်ပါတယ်။ ပေါင် ၁၂၀ အရွယ်အစားရှိလို့ ပထမဆုံး ပုံတူမျိုးပွား သန္ဓေသားကို ဗိုက်ခွဲမွေးခဲ့ရတာပါ။

နယ်သာလန်ဌာနေဖြစ်တဲ့ ဟိုစတိန်းဖရိုင်ရှန်းမျိုးစိတ် နို့စားနွားမတွေကို ပုံတူမျိုးပွားခဲ့တာဖြစ်ပြီး တစ်နှစ်ကို နွားနို့ ၁၈ တန် (သို့မဟုတ်) သူတို့ရဲ့ သက်တမ်းတစ်လျှောက် နွားနို့ တန်ချိန် ၁၀၀ အထိ ထုတ်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ရိုးရိုးနို့စားနွားမတွေရဲ့ နို့အထွက်နှုန်းထက် ၁.၇ ဆနီးပါး ပိုများပါတယ်။
တရုတ်နိုင်ငံဟာ နို့စားနွားမ ၇၀ ရာခိုင်နှုန်းလောက်ကို ပြည်ပကနေ တင်သွင်းခဲ့ရတာဖြစ်ပြီး ဒီအောင်မြင်မှုက တရုတ်နိုင်ငံရဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းအတွက် အံ့မခန်းပဲလို့ ဆိုကြပါတယ်။

တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်ပုံတူမျိုးပွားတဲ့ ကုမ္ပဏီတစ်ခုဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကမ္ဘာ့ပထမဆုံး အာတိတ်ဝံပုလွေတစ်ကောင်ကို ပုံတူမျိုးပွား မွေးဖွားနိုင်ခဲ့ပါသေးတယ်။

Ref: China says it successfully cloned 3 highly productive ‘super cows’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top