ဇနီးဖြစ်သူရဲ့ပုံတူတက်တူးကို ခွေးပုံလေးနဲ့ ဖုံးပစ်ခဲ့တဲ့ မင်းသားကြီး စတားလုံး

25-8-2022-yyl-05.jpg

ဇနီးဖြစ်သူရဲ့ပုံတူတက်တူးကို ခွေးပုံလေးနဲ့ ဖုံးပစ်ခဲ့တဲ့ မင်းသားကြီး စတားလုံး

ရမ်ဘိုမင်းသားအဖြစ် လူအများသိကြတဲ့ အက်ရှင်မင်းသားကြီး ဆီဗက်စတာ စတားလုံးဟာ သူ့ရဲ့ညာလက်ရုံးကြွက်သားမှာ ဇနီးဖြစ်သူ ဂျနီဖာ ဖလာဗင်ရဲ့ပုံတူတက်တူးကြီးတစ်ခုထိုးထားခဲ့တာပါ။ ဒါပေမဲ့ အခုလမှာတော့ အဲဒီတက်တူးကို ခွေးပုံလေးနဲ့ ဖုံးပစ်ခဲ့ပါတယ်။ အခုလို အခြားပုံနဲ့ တက်တူးကို ဖုံးပစ်ခဲ့တာကြောင့် သူ့ရဲ့အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေဖြစ်နေတာလားဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ ထွက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ဇနီးကလည်း အင်စတာဂရမ်မှာ သူ့ကို follow မလုပ်တော့တဲ့အပြင် သမီး (၃) ယောက်နဲ့အတူ ရိုက်ထားတဲ့ပုံတစ်ပုံကိုလည်း တင်ပြီး “ဒီကောင်မလေးတွေက ကျွန်မရဲ့ဦးစားပေးပါပဲ။ တခြားဘယ်အရာကမှ အရေးမကြီးပါဘူး။ ကျွန်မတို့ (၄) ယောက်က ထာဝရပါပဲ”လို့ ရေးသားခဲ့ပါတယ်။

ညာလက်ရုံးကြွက်သားပေါ်က ဇနီးဖြစ်သူရဲ့ပုံတူတက်တူး

ဒါပေမဲ့ စတားလုံးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့စုံတွဲကြားမှာ ပြဿနာတွေမရှိပါဘူး။ နားလည်မှုလွဲနေတာပါလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ သူ့ဇနီးရဲ့ပုံတူတက်တူးကို ပြန်လည်ဆန်းသစ်မယ့် အစီအစဉ်က ပျက်စီးသွားခဲ့တာကြောင့် Rocky ဇာတ်ကားထဲက သူ့ရဲ့ခွေးလေး Butkus ပုံတူနဲ့ ဖုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဇနီးဖြစ်သူရဲ့ပုံတူတက်တူးကို ခွေးပုံလေးနဲ့ ဖုံးပစ်ခဲ့တဲ့ မင်းသားကြီး စတားလုံး

“မစ္စတာစတားလုံးက သူ့ဇနီးပုံတူတက်တူးကို ပြန်လည်ဆန်းသစ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ရလဒ်က စိတ်ကျေနပ်စရာမကောင်းဘဲ ဖြစ်ကတတ်ဆန်းဖြစ်ပြီး ပြန်ပြင်လို့မရခဲ့ဘူး။ သူဟာ Rocky ဇာတ်ကားထဲက Butkus ခွေးလေးရဲ့ပုံနဲ့ ဖုံးပစ်ခဲ့ရတယ်။ သူက သူ့မိသားစုကို ချစ်ပါတယ်။ သူတို့မိသားစုဟာ Paramount+ က ထုတ်လွှင့်မယ့် Reality Show တစ်ခုမှာ အတူပါဝင်ရိုက်ကူးနေပါတယ်”လို့ စတားလုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး ပြောပါတယ်။

Butkus ခွေးလေးရဲ့ပုံတူတက်တူး

မင်းသားကြီး စတားလုံးတို့ဇနီးမောင်နှံဟာ ၁၉၉၇ ခုနှစ် မေလက လန်ဒန်မြို့ရဲ့ Dorchester Hotel မှာ လက်ထပ်ခဲ့ကြတာပါ။ အခုနှစ် မေလက သူတို့ရဲ့အိမ်ထောင်သက်တမ်း(၂၅) နှစ်ပြည့်မြောက်ခဲ့ပြီး စတားလုံးက သူ့ဇနီးကို မယုံနိုင်လောက်အောင် ထူးခြားပြီး ကိုယ်ကျိုးမဖက်တဲ့ အမျိုးသမီးတစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။ ဇနီးဖြစ်သူ ဂျနီဖာကလည်း “ကျွန်မတို့ရဲ့အိမ်ထောင်ရေးက တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာတယ်။ ကျန်ရှိတဲ့ဘဝတွေကို အတူဖြတ်သန်းရဖို့ မစောင့်နိုင်တော့ဘူး”လို့ပြောခဲ့ပါသေးတယ်။

Ref: TheMirror “Sylvester Stallone gets tattoo of wife covered up with dog picture amid marriage rumours”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply