သူစိမ်းတစ်ဦးရဲ့လက်ထပ်လက်စွပ်ကို ပင်လယ်ထဲကနေ တွေ့အောင်ရှာပေးခဲ့သူ

25-8-2022-yyl-12.jpg

ပင်လယ်ထဲ ပျောက်သွားခဲ့တဲ့ ဖရန်ချက်စကာ တီရယ်ရဲ့လက်ထပ်လက်စွပ်

မက်ဆာချူးဆက်ပြည်နယ်က အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့မင်္ဂလာလက်စွပ်က ပင်လယ်ထဲ ကျပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်ပေါ်က သူစိမ်းအမျိုးသားတစ်ဦးရဲ့ကူညီပေးမှုကြောင့် သူ့ရဲ့လက်ထပ်လက်စွပ်ကို ပြန်ရှာတွေ့သွားခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က ဖရန်ချက်စကာ တီရယ် ဆိုသူ အဲဒီအမျိုးသမီးဟာ သူ့ခင်ပွန်း အော်စတင်နဲ့အတူ ဟမ်တန်မြို့က North Beach ကို သွားခဲ့တာပါ။ သူ့လက်ထပ်လက်စွပ်က သူ့လက်ကနေ ပင်လယ်ထဲကို ကျွတ်ကျသွားခဲ့ပါတယ်။ သူတို့ကြိုးစားပြီးရှာခဲ့ပေမဲ့ လက်စွပ်ကို ရှာတွေ့ခဲ့ဘူး။

ဖရန်ချက်စကာ တီရယ်တို့ဇနီးမောင်နှံ

ရွှေဖြူ၊ စိန်တို့နဲ့ လုပ်ထားတဲ့ လက်ထပ်လက်စွပ်က သူ့အဘွားပိုင်ဆိုင်ခဲ့တဲ့၊ သူ့အဘွားဆီက ရခဲ့တဲ့အရာပါ။ အစားထိုးလို့မရတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ထပ်လက်စွပ်ဖြစ်နေပါတယ်။ ဒါကြောင့် သူ လက်ထပ်လက်စွပ်ပျောက်သွားတဲ့အကြောင်းကို သတ္တုရှာဖွေကိရိယာရှိတဲ့သူတစ်ဦးဦး (ဒါမှမဟုတ်) North Beach ကို မကြာခဏ သွားလည်လေ့ရှိတဲ့သူတစ်ဦးဦးဆီ ရောက်သွားစေမယ့် မျှော်လင့်ချက်နဲ့ Hampton Beach ဖေ့စ်ဘွတ်ခ်ဂရုမှာ တင်ခဲ့ပါတယ်။

သတ္တုရှာဖွေရာမှာ စိတ်အားထက်သန်တဲ့ လူးအက်ဆီဆိုသူက ဖရန်ချက်စကာရဲ့အကြောင်းကို တွေ့သွားခဲ့ပြီး လက်ထပ်လက်စွပ်ကို ပင်လယ်ထဲကနေရှာရာမှာ ကူညီပေးဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ အက်ဆီက ဒီရေအခြေအနေကို လေ့လာပြီး ပင်လယ်ထဲဆင်းကာ လက်ထပ်လက်စွပ်ကို ရှာခဲ့ပေမဲ့ ပထမဆုံးရှာဖွေမှုက မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ်ရှာကြည့်ဖို့ ရက်အနည်းငယ်အကြာမှာ ပြန်လာခဲ့ပါတယ်။ ဒီတစ်ခေါက်လည်း မအောင်မြင်ခဲ့ပြန်ပါဘူး။

လူးအက်ဆီရဲ့ကူညီပေးမှုကြောင့် ပြန်ရှာတွေ့ခဲ့တဲ့ လက်ထပ်လက်စွပ်

ဒါပေမဲ့ အက်ဆီက လက်မလျော့ဘဲ ဩဂုတ်လ ၁၄ ရက်နေ့မှာ ထပ်ပြီးရှာခဲ့ပါတယ်။ တတိယအကြိမ်မှာတော့ ဖရန်ချက်စကာရဲ့လက်ထပ်လက်စွပ်ကို တွေ့သွားခဲ့ပါတယ်။ တတိယအကြိမ်မြောက်ရှာဖွေမှုအတွင်း အက်ဆီက လက်စွပ်ရှိနိုင်မယ်လို့ထင်ရတဲ့ နေရာထက် ပိုနက်တဲ့နေရာအထိ သွားခဲ့တာပါ။ တကယ်လည်း အဲဒီနေရာမှာ လက်စွပ်ကရှိနေပြီး (၄) လက်မထူတဲ့သဲထဲ မြုပ်နေခဲ့ပါတယ်။
အက်ဆီက သူ့ရဲ့လက်စွပ်ရှာဖွေတဲ့မစ်ရှင်ပြီးမြောက်သွားပြီးတဲ့နောက်မှာ ဖရန်ချက်စကာကို သူ့ရဲ့လက်စွပ်ဟုတ်မဟုတ်သေချာအောင် လက်စွပ်ပုံနဲ့ ဆက်သွယ်ခဲ့ပါတယ်။ အက်ဆီက ဖရန်ချက်စကာရဲ့အိမ်အထိ သွားပြီး လက်စွပ်ကို ပြန်သွားပေးခဲ့တာပါ။ ဖရန်ချက်စကာကလည်း ဖေ့စ်ဘွတ်ခ်မှာ အက်ဆီအတွက် ပို့စ်တင်ပြီး အထူးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူ့ရဲ့မိသားစုအမွေကို ရှာဖွေရာမှာ အက်ဆီရဲ့ဇွဲလုံ့လရှိတာကိုလည်း ချီးကျူးခဲ့ပါတယ်။

လက်ထပ်လက်စွပ်ကို ပြန်ရှာပေးခဲ့တဲ့ လူးအက်ဆီ

အခုဆို အက်ဆီက တစ်စုံတစ်ယောက်ကို သူ့ရဲ့လက်ထပ်လက်စွပ်ပြန်ပေးဖို့ လုပ်နေပါတယ်။ သူက ဖရန်ချက်စကာရဲ့လက်စွပ်ကို ရှာဖွေရင် အခြားတစ်ယောက်ရဲ့ပျောက်ဆုံးနေတဲ့လက်စွပ်ကိုလည်း ရှာတွေ့ခဲ့တာပါ။ လက်စွပ်ပိုင်ရှင်ကို ရှာတွေ့ဖို့အတွက် အက်ဆီက “သင် (ဒါမှမဟုတ်) သင်သိတဲ့သူတစ်ယောက်ယောက်က ရေထဲမှာ လက်ထပ်လက်စွပ်ပျောက်ဆုံးသွားခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်စွပ်က ဘယ်လိုပုံစံမျိုးဆိုတာနဲ့အတူ သီးသန့်စာပို့ပေးပါ။ ကျွန်တော်က ပိုင်ရှင်ဆီ ပြန်ပေးရတာကို ကြိုက်တယ်”လို့ ပို့စ်ရေးပြီးတင်ခဲ့ပါတယ်။

Ref: People “Mass. Man Spends Days Searching Sea for Stranger’s Missing Wedding Ring — and He Finds It!”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top