ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းရဲ့ အလှူ

64919398_2395713363805235_5068568743701905408_n.jpg

ချုံကြားကနေ ဘုံဖျားရောက်သွားသူတွေအကြောင်း ပြောကြရင် လီကာရှင်းကို မဖြစ်မနေ ပြောရတာချည်းပါပဲ။ ဟားဗတ်တက္ကသိုလ် စီးပွားရေးကျောင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာတောင် လီကာရှင်းရဲ့ဘဝကို အတိုချုံးဖော်ပြထားပါတယ်။ ဖခင်ကွယ်လွန်သွားလို့ (၁၅) နှစ်အရွယ်မှာ ကျောင်းထွက်ပြီး ပလတ်စတစ်စက်ရုံမှာ တံမြက်စည်းလှည်းတဲ့ အလုပ်လုပ်ခဲ့ရတဲ့ လီကာရှင်းဟာ နောက်ပိုင်းမှာ ကိုယ်ပိုင်ပလတ်စတစ်စက်ရုံ တည်ထောင်ပြီး အောင်မြင်မှုရခဲ့သလို အိမ်ခြံမြေ၊ လက်လီအရောင်းလုပ်ငန်း၊ ငွေတိုက်စာချုပ် ရောင်းဝယ်ဖောက်ကားမှု၊ အင်တာနက်၊ နည်းပညာလုပ်ငန်းတွေမှာ အင်ပါယာထူထောင်နိုင်ခဲ့သူပါ။

အခုလည်း အသက် (၉၀) အရွယ် ဟောင်ကောင်သူဌေးကြီး လီကာရှင်းက နတ်၊ လူသာဓုခေါ်စေမယ့် အလှူတစ်ခုလုပ်လိုက်ပြန်ပါပြီ။ သူ့ရဲ့ငယ်စဉ်ဘဝမှာ ငွေကြေးချို့တဲ့လို့ ပညာရေးတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရပေမဲ့ အနာဂတ်လူငယ်တွေကို သူ့လိုမဖြစ်ရအောင် ရည်ရွယ်ပုံပေါ်ပါတယ်။ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၊ ရှန်တိုးတက္ကသိုလ်မှာ ၂၀၁၉ ပညာသင်နှစ် တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းလခ လှူဒါန်းပေးသွားမယ်လို့ လီကာရှင်းက ကြေညာခဲ့ပါတယ်။

၂၀၁၉ ပညာသင်နှစ်ကနေ လာမယ့်ငါးနှစ်အထိ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျောင်းလခတွေကို စိုက်ပေးမယ့်အတွက် ယွမ်ငွေသန်း (၁၀၀) လောက် အကုန်အကျခံဖို့ ရှိပါတယ်။ ကျောင်းသားရှိတဲ့ မိသားစုတွေ ငွေကြေးဝန်ထုပ်ဝန်ပိုး သက်သာစေဖို့၊ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုယ်ဝါသနာပါတာကို လေ့လာနိုင်စေဖို့၊ ရှုပ်ထွေးတဲ့ ကမ္ဘာ့စီးပွားရေးရဲ့ စိန်ခေါ်မှုတွေကို ကောင်းကောင်းပြင်ဆင်နိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေ လုပ်နိုင်စေဖို့ ရည်ရွယ်တယ်လို့ လီကာရှင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

အမေရိကန်ဒေါ်လာ ၃၀.၄ ဘီလျံ ချမ်းသာကြွယ်ဝတဲ့ လီကာရှင်းဟာ ၂၀၁၉ ခုနှစ်အတွက် Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ အဆင့် (၂၈) နေရာ ရပ်တည်နေပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို သူ့သားအကြီးဆုံးနဲ့လွှဲထားသူပါ။

Ref:BBC
Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top