နယူးယော့ခ်မြို့လယ်ပန်းခြံထက် ပိုကြီးတဲ့ သစ်တောအုပ်ကြီး စိုက်ပျိုးခဲ့တဲ့ အိန္ဒိယရဲ့သစ်တောလူသား

treeman.jpg

၁၉၇၉ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မာဂျူလီကျွန်း။

၁၆ နှစ်သား ဂျာဒက်ပါယန်က ဗြဟ္မပုတ္တရမြစ်လယ် သောင်ခုံပေါ် လမ်းလျှောက်ရင်း သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့်အရာကို တွေ့လိုက်ရတယ်။ အရိပ်မရှိလို့ ခြစ်ခြစ်တောက် ပူပြင်းတဲ့ သောင်ပြင်ပေါ်မှာ မြွေအသေကောင်တွေ ရာနဲ့ချီ ပြန့်ကြဲနေတယ်။

မြစ်ရေတက်တဲ့အချိန် ရေစီးနဲ့မျှောလာတဲ့ မြွေတွေဟာ သောင်ခုံပေါ် လာတင်နေပြီး အပူဒဏ်ကြောင့် သေရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ပြီး ဂျာဒက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာတယ်။ တကယ်လို့ သောင်ခုံပေါ်မှာ သစ်ပင်တွေသာ စိုက်ထားရင် . . . ။ ဒါနဲ့ပဲ ဂျာဒက်က ဒေသဆိုင်ရာ သစ်တောဌာနကိုသွားပြီး ဗြဟ္မပုတ္တရမြစ်လယ်သောင်ခုံမှာ သစ်ပင်တွေ စိုက်ပေးဖို့ ပြောတယ်။

သစ်တောဝန်ထမ်းတွေက ဂျာဒက်ကိုကြည့်ပြီး ရယ်တယ်။ ” သောင်ပြင်ပေါ်မှာ ဘာမှ မစိုက်ဘူး။ ငါတို့အချိန် လာမဖြုန်းနဲ့”လို့ ပြောတယ်။ ဒါကြောင့် ဂျာဒက်က သူ့ကိုယ်တိုင် သစ်ပင်စိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပိုက်ဆံ မရှိ၊ စိုက်ပျိုးရေးအကြောင်း၊ သစ်ပင်တွေအကြောင်း နားမလည်တဲ့ ၁၆ နှစ်အရွယ် ချာတိတ်လေးတစ်ယောက် သူ ယုံကြည်ရာကို စတင်အကောင်အထည် ဖော်တယ်။

မြစ်ပျော်မျိုးနွယ်စုဝင်တစ်ဦးဖြစ်တဲ့ ဂျာဒက်ရဲ့ ယုံကြည်မှုကတော့ သစ်ပင်စိုက်ပြီး ဂရုတစိုက် စောင့်ရှောက်ရင် ဘယ်နေရာမှာမဆို အပင်တွေ ရှင်သန်လိမ့်မယ်ဆိုတာပါပဲ။ သူက နေရာတိုင်းနီးပါးမှာ ရှင်သန်နိုင်တဲ့ ဝါးပင်တွေ စတင်စိုက်ပျိုးတယ်။ နေ့တိုင်း ရေလာလောင်းတယ်။ မြစ်ထဲကနေ မြေအိုးနဲ့ ရေသယ်ပြီး ခေါက်တုံ့ခေါက်ပြန် လောင်းရတာ နာရီပေါင်းများစွာ ကြာပါတယ်။

ဝါးပင်တွေ ကြီးထွားရှင်သန်လာခြင်းနဲ့အတူ ဂျာဒက်လည်း စိတ်ဓာတ်တက်ကြွလာပြီး အခြားအပင်တွေ စိုက်ပျိုးဖို့ ပြင်ဆင်တယ်။ အနီးနား သစ်တောအုပ်ထဲက အပင်တွေရဲ့ မျိုးစေ့တွေ လိုက်ကောက်ပြီး သောင်ခုံပေါ်မှာ စိုက်တယ်။ တစ်နေ့ပြီး တစ်နေ့၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် သောင်ခုံပေါ်မှာ အပင်တွေ စိုက်ပျိုး၊ ရေလောင်း၊ ပေါင်းသင် လုပ်လာခဲ့တာ ဆယ်စုနှစ်ချီ ကြာမြင့်တယ်။

သူ့မိသားစုကတော့ ဂျာဒက်ကို ရူးနေပြီလို့ ထင်ကြတာပါ။ ငွေရမယ့်အလုပ်ကို မလုပ်ဘဲ သောင်ခုံပေါ်မှာပဲ အပင်စိုက်နေတဲ့ ဂျာဒက်ကို သူ့ရွာကလူတွေကလည်း နားမလည်နိုင်ကြပါဘူး။ အမျိုးမျိုး ဝေဖန်ကြတယ်။ ဒါပေမဲ့ ဂျာဒက်ကတော့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ခဲ့ပါဘူး။

ဝါးပင်တွေ ကြီးလာတယ်။ အရွက်တွေ ကြွေတယ်၊ အဲဒီအရွက်တွေက မြေကြီးထဲမှာပဲ ဆွေးမြေ့သွားပြီး သောင်ခုံရဲ့ စိုက်ပျိုးဖြစ်ထွန်းနိုင်စွမ်းက ပိုအားကောင်းလာတယ်။ ၅ နှစ်အကြာမှာတော့ အဲဒီသောင်ခုံပေါ်မှာ တိရစ္ဆာန်တွေ ရောက်လာတယ်။ ငှက်တွေ အသိုက်လာဖွဲ့ကြတယ်၊ အင်းဆက် ပိုးမွှားတွေ ရောက်လာတယ်။ နို့တိုက်သတ္တဝါတွေလည်း တွေ့လာရပြီ။ ၁၀ နှစ်အကြာမှာတော့ (တချိန်က) လွင်တီးခေါင်သောင်ခုံပေါ်မှာ သစ်တောအုပ်ငယ်လေးတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဂျာဒက်ကတော့ နေ့စဉ်နေ့တိုင်းမပြတ် သစ်ပင်တွေ စိုက်ပျိုးနေစမြဲပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာတော့ တကယ့်ကို အံ့အားသင့်စရာအဖြစ်တစ်ခု ကြုံခဲ့ပါတယ်။ ဂျာဒက်ရဲ့သစ်တောထဲမှာ အကောင်ရေ ၁၀၀ ကျော် ပါဝင်တဲ့ ဆင်အုပ်တစ်အုပ် ရောက်လာခဲ့တာပါပဲ။ ဆင်တွေဟာ သူတို့ ကျက်စားတဲ့ စားကျက်မြေ ဆုံးရှုံးရလို့ စားကျက်သစ် ရှာဖွေရင်း ဂျာဒက်ရဲ့သစ်တောအုပ်ကို ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သမင်တွေ၊ ကြံ့တွေ၊ ဘင်္ဂလားကျားတွေပါ ရောက်လာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ကာလီတာလို့ အမည်ရတဲ့ ဓာတ်ပုံဂျာနယ်လစ်က ပုံမှန်မဟုတ်တဲ့နေရာမှာ ဆင်တွေ တွေ့ရတဲ့သတင်းကို စုံစမ်းရင်း ဂျာဒက်ရဲ့တောအုပ်ဆီ ရောက်လာခဲ့ပါတယ်။ မြေပုံထဲမှာ မမြင်ရတဲ့ သစ်တောအုပ်ကြီးကို တွေ့လိုက်ရတဲ့အခါ ကာလီတာလည်း အံ့အားသင့်သွားပါတယ်။ ဒီသစ်တောအုပ်ကြီးဟာ ဧက ၁၃၆၀ လောက် ကျယ်ဝန်းပြီး နယူးယော့ခ်မြို့လယ် ပန်းခြံထက်တောင် ကြီးမားပါတယ်။

ဒီသတင်းက မီဒီယာတွေထက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဂျာနယ်လစ်တွေက ဂျာဒက်ရှိတဲ့ မာဂျူလီကျွန်းကို လာပြီး သူ့ကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ကြပါတယ်။ တစ်ရွာလုံးက ” ရူးနေတယ်”လို့ သတ်မှတ်ခံထားရတဲ့ ဂျာဒက်ကတော့ သဘာဝပတ်ဝန်းကျင် သူရဲကောင်းကြီးအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ တချိန်တုန်းက သူ့ကို လျစ်လျူရှုခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေကလည်း အခုတော့ သူ့ကို ဂုဏ်ပြုဆု ပေးအပ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်မှာ ဂျာဝါဟာလယ်နေရူးတက္ကသိုလ်က ဂျာဒက်ကို ဂုဏ်ပြုဆု ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အိန္ဒိယရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုတစ်ခုဖြစ်တဲ့ ပဒ္မာရှရီဆု ရရှိခဲ့ပြန်ပါတယ်။ ဂျာဒက်ရဲ့ တောအုပ်အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ကြပြီး အိန္ဒိယတစ်နိုင်ငံလုံးကလည်း သူ့ကို ”အိန္ဒိယရဲ့သစ်တောလူသား”လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ်။

ချီးကျူးသံတွေ၊ ဂုဏ်ပြုဆုတွေ၊ အသိအမှတ်ပြုခြင်းတွေက ဂျာဒက်ကို မပြောင်းလဲစေခဲ့ပါဘူး။ သူကတော့ သူ့ရဲ့တောအုပ်ထဲမှာ နေထိုင်ပြီး နေ့စဉ်နေ့တိုင်း သစ်ပင်တွေ စိုက်ပျိုးနေဆဲပါပဲ။ သူ့ကို ဘာကြောင့် သစ်ပင် စိုက်ပျိုးခဲ့တာလဲလို့ မေးမြန်းရာမှာတော့ ဂျာဒက်က ရိုးရိုးလေးပဲ ဖြေခဲ့ပါတယ်။ ” သစ်ပင်တွေမရှိလို့ မြွေတွေ သေရတယ်။ နောက်ထပ် ဘယ်သက်ရှိကိုမှ အဲဒီလို သေနေတာမျိုး အဖြစ်မခံနိုင်လို့ပါ”လို့ ဂျာဒက်က ဆိုပါတယ်။ အခုအခါမှာတော့ ဂျာဒက်ရဲ့ချစ်စနိုးအမည်ကို အစွဲပြုပြီး အဲဒီသစ်တောအုပ်ကို မိုလိုင်းသစ်တောလို့ ခေါ်ဝေါ်ကြပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ ကျော် သူ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့် သစ်တောအုပ်ကြီးပဲ မဟုတ်လား။

Ref: The Forest Man of India

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top