အစ္စရေးနိုင်ငံသားဖြစ်ဖို့ လျှောက်ထားလိုက်တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ခ်ျ

Roman-Abramovich.-Photo-credit-busybuddiesng.jpg

ချဲလ်ဆီးအသင်း ပိုင်ရှင်ဖြစ်တဲ့ ရုရှားနဲ့ ဂျူးလူမျိုးစပ် ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျဟာ အစ္စရေးနိုင်ငံသား လျှောက်ထားနိုင်ဖို့အတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ရောက်ရှိနေကြောင်းသိရပါတယ်။

ရုရှား နိုင်ငံမော်စကိုမြို့က အစ္စရေးသံရုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မိုဗစ်ခ်ျကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ လူဝင်မူကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလိုမျိုး အစ္စရေးနိုင်ငံသား ဖြစ်ဖို့ ကြိုးပမ်းမှုတွေကြောင့် မိုဗစ်ခ်ျဟာ ဗြိတိန်ဗီဇာ သက်တမ်းတိုးရေးမှာ နှောင့်နှေးဖွယ်တော့ ရှိနေပါတယ်။ မိုဗစ်ခ်ျကို အစ္စရေးနိုင်ငံသား ခွင်ပြု မပြုဆိုတဲ့အချက်နဲ့ ပတ်သက်လို့ မိုဗစ်ခ်ျရဲ့ပြောရေးဆိုခွင့်ရှိသူက တစ်စုံတရာမှတ်ချက်ပြုတာမရှိခဲ့ပါဘူး။ အသက် ၅၁ နှစ်အရွယ်ရှိ မိုဗစ်ခ်ျဟာ အစ္စရေးနိုင်ငံသား ခံခွင့်ရမယ်ဆိုရင်တော့ အစ္စရေးနိုင်ငံမှာ အချမ်းသာဆုံးသူ ဖြစ်လာနိုင်ပါတယ်။

မိုဗစ်ခ်ျရဲ့ ဗြိတိန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းရှင်ဗီဇာဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီး ဗြိတိန်အစိုးရက မိုဗစ်ခ်ျရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုဖို့ကို ငြင်းဆန်ထားပါတယ်။ ဗြိတိန်နဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ ရှိနေချိန်မှာ မိုဗစ်ခ်ျရဲ့ ဗြိတိန်ဗီဇာ သက်တမ်းတိုးဖို့ နှောင့်နေးနေတာဖြစ်တယ်လို့ သိရပါတယ်။ မိုဗစ်ခ်ျဟာ သူရဲ့ချဲလ်ဆီးအသင်းက မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက် ကြည့်ရှုခဲ့မှုလည်း မရှိဘူးလို့သိရပါတယ်။

အစ္စရေးနိုင်ငံဟာ ဂျူးတွေကို အစ္စရေးနိုင်ငံသားဖြစ်ဖို့ခွင်ပြုတဲ့ Law of Return အရ မိုဗစ်ခ်ျကို အစ္စရေးနိုင်ငံသားကတ် ပေးဖွယ်ရှိတယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အစ္စရေးပြည်ထဲရေးဝန်ကြီးက မိုဗစ်ခ်ျဟာ တနင်္လာနေ့က အစ္စရေးနိုင်ငံကို ရောက်ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

မိုဗစ်ခ်ျဟာ မကြာခဏ ဆိုသလို အစ္စရေးနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ဟိုတယ်တစ်လုံးကို ဝယ်ယူခဲ့ဖူးပါတယ်။ အစ္စရေးပတ်စပိုစ့် ကိုင်ဆောင်ထားသူတွေဟာ ဗီဇာ မလိုဘဲ ဗြိတန်နိုင်ငံအတွင်း ရက်အနည်းငယ် နေထိုင်ခွင့် ရနေပါတယ်။ Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ မိုဗစ်ခ်ျဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံကြွယ်ဝချမ်းသာသူဖြစ်ကြောင်း သိရပါတယ်။

 

Ref: BBC  Chelsea owner Roman Abramovich ‘eligible to be Israeli citizen’

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top