အပြစ်တင်မစောကြပါနဲ့

8-6-2020-yyl-043.jpg

ဆရာဝန်တစ်ယောက် အရေးပေါ်ခွဲစိတ်ဖို့အတွက် အမောတကောနဲ့ ပြေးလာပါတယ်။ အဲဒီနောက် ခွဲစိတ်ခန်းအဝတ်အစားတွေ မြန်မြန်ဆန်ဆန် လဲဝတ်ပြီး ခွဲစိတ်ခန်းရှိရာကို အလျင်အမြန်ထွက်လာပါတယ်။

ခွဲစိတ်ခန်းအဝအရောက်မှာတော့ စိုးရိမ်သောကများနေတဲ့ လူနာကောင်လေးရဲ့ အဖေဖြစ်သူကို တွေ့ပါတယ်။

လူနာရှင်က ဆရာဝန်ကိုတွေ့တာနဲ့ “ဘာလို့ အချိန်အတိအကျမရောက်ရတာလဲ။ ကျွန်တော့်သားရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတာ ဆရာမသိဘူးလား။ ဘာလို့ တာဝန်ယူမှုနည်းရတာလဲ”လို့ စိုးရိမ်မှုနဲ့အတူ ဆရာဝန်ကို ပြစ်တင်ပါတယ်။

ဆရာဝန်က ပြုံးပြုံးလေးနဲ့ “ဆေးရုံမှာ ရှိမနေခဲ့တဲ့အတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ ဆေးရုံက အရေးပေါ်ဖုန်းကို ရရခြင်းပဲ ကျွန်တော် အတတ်နိုင်ဆုံး အခု အမြန်လာခဲ့တာပါ။ ကျွန်တော် အကောင်းဆုံးကြိုးစားပေးပါ့မယ်။ စိတ်အေးအေးထားပေးပါနော်”

ဆရာဝန်ရဲ့ အဖြေစကားကို ကြားလိုက်တာနဲ့ လူနာရှင်က ဒေါသတကြီး” စိတ်အေးအေးထားရမယ် ဟုတ်လား ဆရာ။ အခုခွဲစိတ်ခန်းထဲမှာ ရောက်နေတဲ့ လူနာက ဆရာ့ရဲ့ သားသမီးဆို ဆရာ စိတ်အေးအေးထားနိုင်မလား။ ဆရာ့ရဲ့သားသမီးတစ်ယောက် ခွဲစိတ်ဖို့ ဆရာဝန်ကို စောင့်ရင်း အသက်ဆုံးသွားတယ်ဆိုရင် ဆရာဘယ်လိုလုပ်မလဲ”

ဆရာဝန်က ပြုံးပြုံးလေးနဲ့ပဲ “ဟုတ်ကဲ့ပါ။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ ဦးလေးကလည်း ခွဲစိတ်မှုအစစအရာအရာအဆင်ပြေစေဖို့ ဆုတောင်းပေးပါဦးနော်”လို့ ပြောပြီး ခွဲစိတ်ခန်းထဲကို ဝင်သွားပါတယ်။

နာရီအနည်းငယ် ကြာပြီးနောက်မှာတော့ ဆရာဝန်ဟာ ခွဲစိတ်ခန်းထဲက ထွက်လာပါတယ်။ ပြီးတော့ လူနာရှင်ရဲ့အဖေကို ” ဝမ်းသာပါတယ်ဦးရေ၊ ခွဲစိတ်မှုအောင်မြင်ပါတယ်။ ဦးရဲ့သား အသက်အန္တရယ်စိုးရိမ်စရာမရှိတော့ပါဘူး။ တခြားသိချင်တာမေးချင်တာတွေရှိရင် သူနာပြုဆရာမလေးကို မေးလိုက်ပါ”လို့ ပြောပြီး အလျင်အမြန် ထွက်သွားပါတယ်။

ကျောခိုင်းထွက်သွားတဲ့ ဆရာဝန်ကိုကြည့်ရင်း လူနာရှင်က”ဒီဆရာဝန်က ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလား။ ကျွန်တော့်သားရဲ့ အခြေအနေလေး မေးဖို့ အချိန်လေးခဏ မပေးနိုင်လောက်အောင် သူက မအားဖြစ်နေလား”လို့ သူနာပြုဆရာမလေးကို ပြောပါတယ်။

သူနာပြုဆရာမလေးက “မဟုတ်ပါဘူး ဦး။ သူက စိတ်သဘောထားစေတနာ အရမ်းပြည့်ဝတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့ သား မနေ့က ကားအက်ဆီးဒန့်တစ်ခုကြောင့် ဆုံးသွားပါတယ်။ ဦးရဲ့သား အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်တဲ့အတွက်သူ့ကိုဖုန်းခေါ်တုန်းက သေသွားတဲ့ သူရဲ့သားကို သဂြိုလ်ဖို့ လုပ်နေတာပါ။ လူနာကအရေးပေါ်ဖြစ်တာမို့ အားလုံးကို ပစ်ထားခဲ့ပြီး ဆေးရုံကို သူ အမြန်လာခဲ့တာပါ။ အခု သူ့ရဲ့သားကို သဂြိုလ်ဖို့ ပြန်သွားတာပါ။ ဦးနားလည်ပေးလိုက်ပါနော်” လို့ ဖြေလိုက်ပါတယ်။

ဒီအဖြစ်အပျက်လေးက တစ်ဖက်သူရဲ့ အခြေအနေကို လေ့လာသုံးသပ်ခြင်းမရှိဘဲ မိမိရဲ့အတ္တကိုရှေ့တန်းတင်ပြီး မိမိရဲ့ဖြစ်ချင်တဲ့ဆန္ဒများကိုသာ ဦးစားပေးနေခြင်းများကို သတိထားရှောင်ကြဉ်သင့်ကြောင်းကို ကျွန်တော်တို့ကို သတိပေးနေပါတယ်။ ဒါကြောင့် အားလုံးက သူ့အခြေအနေနဲ့သူပါ။ အပြစ်တင်မစောကြပါနဲ့။

 

Ref: https://www.moralstories.org/think-before-you-judge/

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top