နာမည်ကြီးကိုရီးယားအဆိုအဖွဲ့ EXO အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့၊ တရုတ်အဆိုတော်မင်းသားလည်းဖြစ်တဲ့ ခရစ္စဝူဟာ အကျဉ်းထောင်အတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလဟာလတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာကြာပါပြီ။ ဒီကောလဟာလနဲ့ပတ်သက်ပြီး ဒေသခံရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။
ခရစ္စဝူ သေဆုံးတယ်ဆိုတဲ့ ကောလဟာလနဲ့ပတ်သက်ပြီး Jiangsu ရဲတပ်ဖွဲ့က ဒီသတင်းတွေက မှားယွင်းပါတယ်။ ခရစ္စဝူအကြောင်း လူမှုကွန်ယက်ပေါ်က သတင်းတွေက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပါလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ မယုံမမှန်တာတွေကို ဖြန့်ဝေနေတာကို ရပ်တန့်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီကောလဟာလသတင်းက ခရစ္စဝူနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ တတိယမြောက်သေဆုံးမှုကောလဟာလဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ခဲ့တဲ့ ကောလဟာလက ထောင်ထဲမှာ သူနဲ့အတူ အချိန်အတော်ကြာ ကျခံခဲ့ရတယ်ဆိုသူတစ်ဦးက စတင်ခဲ့ပုံရပါတယ်။ ဒေသတွင်းထောင်ဂိုဏ်းအဖွဲ့ဝင်တွေရဲ့တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်လို့ အသတ်ခံခဲ့ရတယ်၊ ကိုယ်တွင်းအင်္ဂါတွေထုတ်ယူခံခဲ့ရတယ်ဆိုတဲ့ ကောလဟာလအပါအဝင် ထင်ကြေးပေးမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ခရစ္စဝူက လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ထောင် ၁၃ နှစ်ကျခံခဲ့ရတာပါ။ မုဒိမ်းမှုအတွက် ထောင် ၁၁ နှစ်နဲ့ ၆ လ၊ လိင်ပိုင်းဆိုင်ရာ ကာမဂုဏ်ကျူးလွန်ဖို့ လူစုဝေးမှုအတွက် ၁ နှစ်နဲ့ ၁၀ လ ချမှတ်ခံခဲ့ရတာပါ။ သူ ထောင် ၁၃ နှစ်ကျခံပြီးသွားတဲ့အခါကျ တရုတ်နိုင်ငံကနေ သူ ကြီးပြင်းခဲ့ပြီး လက်ရှိ နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကနေဒါကို ချက်ချင်းပြန်ပို့ခံရမှာဖြစ်ပါတယ်။
Ref: Chinese Police Shut Down Rumors Of Kris Wu’s Death In Prison
WL ( ရိုးရာလေး)

