အမြင်အာရုံဆုံးရှုံးပေမဲ့ မျှော်လင့်ချက်ရောင်ခြည် မဆုံးရှုံးခဲ့တဲ့ မော်ဒယ်

de7ae21082b948d1a6b9f7bc4eb40168.jpg

၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဝမ်လဲ့လဲ့က တရုတ်ပြည်ရဲ့ ထင်ရှားတဲ့ မော်ဒယ်တစ်ဦးပါ။ ကလေးဘဝတည်းက အဝတ်အစား လှလှဝတ်ရတာကြိုက်တဲ့သူက မော်ဒယ်လေ့ကျင့်ရေးကျောင်းသင်တန်းတက်ဖို့ အတွက် အထက်တန်းကျောင်း ဝင်ခွင့်ကို စွန့်လွှတ်ခဲ့ပါတယ်။

အသက်၁၆ နှစ်ကနေ၂၆ နှစ်အတွင်းမှာ လျှောက်လမ်းပေါ်က တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်ခဲ့ပါတယ်။ တောက်ပြောင်တဲ့ အဝတ်အစားတွေက အသွင်အမျိုးမျိုးနဲ့ လှပအောင် သူ့ကို ပံ့ပိုးပေးပါတယ်။ အဲဒီအချိန်တုန်းကတော့ မျှော်လင့်မထားတဲ့ အရာကို ကြုံရတော့မယ်ဆိုတာ သူမသိရှိခဲ့ပါဘူး။

“ကျွန်မငယ်ငယ်လေးတည်းက ညဘက်ဆို မမြင်ရဘူး။ အခြားကလေးတွေလည်း အမှောင်ထဲမှာဆို ကိုယ့်လိုပဲမြင်ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ တူတူပုန်းတမ်း ကစားတဲ့ အခါ ကျွန်မ အမြဲတမ်း ရှုံးတယ်။ သူငယ်ချင်းတွေက ကျွန်မကို အရူးလုပ်တယ်လို့ထင်ပြီးတော့ ညဘက်ဆို ထွက်မကစားတော့ဘူး” လို့ ဝမ်ကဆိုပါတယ်။

“စတိတ်စင်အနောက်ဘက်မှာဆိုရင် မော်ဒယ်အချို့က မှောင်တယ်လို့ပြောကြတော့ သူတို့လည်း ကျွန်မလို ခံစားရတာပဲလို့ တွေးခဲ့မိတယ်။”ဝမ်က ဒါရိုက်တာရဲ့ အချက်ပြမှုတွေကို လိုက်မလုပ်နိုင်တာကြောင့် အရေးကြီးတဲ့ ရှိုးပွဲတွေ လွတ်ခဲ့ရပါတယ်။ အမြင်အာရုံ ပျက်စီးမှု ပိုများလာတော့မှအခြေအနေဆိုးရွားနေတာကို သူလက်ခံနားလည်ခဲ့ပါတယ်။

ဒီလိုမျိုး မျက်စိ ကွယ်သွားနိုင်တဲ့ ရောဂါရှိကြောင်းသိပေမယ့် ကနဦးမှာ စတိတ်စင်ကို စွန့်ခွာဖို့ သူ မတွေးခဲ့ပါဘူး။ အ‌ဝေးမှုန်ဆိုပြီး ယိုးမယ်ဖွဲ့ကာ ရှိုးမလျှောက်ခင် စတိတ်စင်အနေအထားကို ကြိုလေ့လာထားပါတယ်။ လှမ်းရမယ့် ခြေလှမ်းတိုင်းရဲ့ နေရာကို မှတ်ထားတာမျိုး ဒါမှမဟုတ်လည်း အခြားမော်ဒယ်တွေနဲ့ အတူတူ လိုက်လျှောက်ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့အထူးစီစဉ်ထားတဲ့ လျှောက်လမ်းတစ်ခုကြောင့် သူ့ရဲ့ မော်ဒယ်အလုပ်ကို စွန့်လွှတ်ဖို့ဖြစ်လာစေခဲ့ပါတယ်။

ဒါကြောင့် လျှောက်လမ်းမော်ဒယ် အလုပ်ကထွက်ပြီး ကားပြပွဲ မော်ဒယ်လုပ်ခဲ့ ပါတယ်။ သူမ အမြင်အာရုံလေး ကျန်ရှိနေဆဲ အချိန်မှာ ခင်ပွန်းလောင်း အိုက်ရှုရီကို တွေ့ခဲ့ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်းမှာ ခင်ပွန်းသည်က အလုပ်ထွက်ပြီး ဝမ့်ကို မော်ဒယ်အေဂျင်စီနဲ့ မော်ဒယ် သင်တန်းကျောင်းဖွင့်ဖို့ ကူညီခဲ့ပါတယ်။ ကလေးနှစ်ယောက် မွေးဖွားပြီးချိန်မှာ အမြင်အာရုံ လုံးဝ ဆုံးရှုံးခဲ့ရပါတယ်။ ဇနီးမောင်နှံ အလုပ်ကြိုးစားခဲ့တာကြောင့် ကုမ္ပဏီက အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ ကံမကောင်းတာတစ်ခုကတော့ ကုမ္ပဏီက ပြိုင်ဖက်တွေရဲ့ ပစ်မှတ်ထားရာ ဖြစ်ခဲ့တာပါပဲ။

ပိုဆိုးတဲ့အချက်က သူ့အဖေက အသည်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့သလို ၄၈ ရက်ကြာပြီးနောက်မှာ အဖွားလည်း ဆုံးပါးသွားခဲ့ပါတယ်။ အိမ်မက်တွေ၊ စိတ်ကူးတွေ၊ မိသားစုဝင်တွေ တစ်ပြိုင်တည်းဆုံးရှုံးသွားရတဲ့ အချိန်မှာ ဝမ်က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူရဲ့အချစ်ကြောင့်ပဲ ရှင်သန်ခဲ့ပြီး ဘဝကိုပြန်စဖို့ အားမွေးခဲ့ပါတယ်။

အခုဆိုရင် ဝမ်က ပေကျင်း ရုပ်ရှင်သင်တန်းကျောင်းမှာ သရုပ်ဆောင်ပညာကို လေ့လာနေပါတယ်။ ကံကြမ္မာရဲ့ နှောင့်ယှက်မှုကြေင့် စိတ်ကူးအိမ်မက်တွေ ဆုံးရှုံးခဲ့ရပေမဲ့ အချစ်ခံရပြီး ပျော်ရွှင်ဖွယ် မိသားစုလေးကို သူပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဘဝလမ်းခရီး ရှေ့ဆက်ဖို့ နောက်ထပ် အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။

ရိုးရာလေးပရိသတ်တွေကို ပြောပြချင်တာက…
ဒီနေ့ခေတ်ကြီးထဲမှာ ဘုရား ဖန်ဆင်းပေးတဲ့ ရုပ်အဆင်းကိုတောင် ပလတ်စတစ်ဆာဂျရီ လုပ်ပြီး ပြင်ချင်တဲ့လူတွေရှိနေသလို ဝမ်လဲ့လဲ့လိုမျိုး အမြင်အာရုံဆုံးရှုံးပေမဲ့ အောင်မြင်မှုအလင်းကို မဆုံးရှုံးအောင်ကြိုးစားနေရသူတွေ ရှိနေသေးတယ်ဆိုတာပါ။

Ref: CGTN “After losing sight, model overcomes anxiety to inspire”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top