အသက် ၆၀ ကျော် စစ်တုရင်ပဂေးကို အနိုင်ယူနိုင်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် စစ်တုရင်ပါရမီရှင်လေး

10years1.png

လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စစ်တုရင်ကစားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးမလေးဟာ စစ်တုရင်ပဂေးတစ်ဦးကို အနိုင်ယူပြီးကာ သမိုင်းတင်နိုင်ခဲ့ပါတယ်။ ဘို့ဒ်ဟာနာ ဆီဗန်နန်ဒန်ဆိုတဲ့ အဲ့ဒီကလေးမလေးဟာ ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ 2025 British Chess Champaionships ရဲ့ နောက်ဆုံးအကျော့မှာ အသက် ၆၀ နှစ်အရွယ် စစ်တုရင်ပဂေး ပီတာ ဝီလ်စ်ကို အနိုင်ရရှိခဲ့တာပါ။

အခုလိုအနိုင်ရရှိမှုက ဘို့ဒ်ကို သမိုင်းတစ်လျှောက် စစ်တုရင်ပဂေးကို အနိုင်ယူတဲ့ အသက်အငယ်ဆုံးအမျိုးသမီးစစ်တုရင်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ ပီတာကို အနိုင်ယူခဲ့တဲ့အချိန်မှာ ဘို့ဒ်က အသက် ၁၀ နှစ်၊ ၅ လနဲ့ ၃ ရက်ရှိပါပြီ။

၂၀၁၉ ခုနှစ်က စစ်တုရင်ပဂေးကို အနိုင်ယူခဲ့တဲ့ အမေရိကန်စစ်တုရင်ကစားသမား ကာရစ်ဆာ ရစ်ပ်ကတော့ အသက် ၁၀ နှစ်၊ ၁၁ လနဲ့ ရက် ၂၀ ဖြစ်ပါတယ်။

ဗြိတိန်က ဖြစ်တဲ့ ဘို့ဒ်က စစ်တုရင်ခုံတစ်ခု လက်ဆောင်ရတဲ့အချိန် အသက် ၅ နှစ်မှာ စစ်တုရင်ကို စကစားခဲ့တာပါ။ သူဟာ YouTube ဗီဒီယိုတွေကြည့်ပြီးတော့ စစ်တုရင်ကစားနည်းကို လေ့လာခဲ့ပြီး နောက်တော့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အစကတော့ ပြည်တွင်းပွဲတွေယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းကျမှ နိုင်ငံတကာပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဘို့ဒ်က သူ့ထက် ပိုပြီး အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာကို မကြောက်ဘူးလို့ ဆိုပါတယ်။ “ပိုခက်တဲ့ပြိုင်ဘက်တွေနဲ့ကစားရတာကြိုက်တယ်။ သမီး ရှုံးရင် သူတို့ဆီက လေ့လာသင်ယူမှုရပြီး သူတို့တွေ ဘယ်လိုကစားလဲဆိုတာကို သင်ယူလို့ရပါတယ်”တဲ့။

Ref: 10-year-old chess prodigy makes history with win over 60-year-old grandmaster

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top