ကိုဗစ်ကူးစက်မှု မြင့်တက်လာလို့ နယူးဇီလန်ရွေးကောက်ပွဲကို ရွှေ့ဆိုင်း

17-8-2020-yyl-015.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခဲ့ပြီးနောက်မှာ နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က အထွေထွေ ရွေးကောက်ပွဲကို တစ်လရွှေ့ဆိုင်းလိုက်ပါပြီ။ အထွေထွေရွေးကောက်ပွဲကို စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အခုအခါမှာတော့ အောက်တိုဘာလ ၁၇ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အခုလို ရွှေ့ဆိုင်းသတ်မှတ်လိုက်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမယ့် အခြေအနေအလိုက် ပြင်ဆင်နိုင်လိမ့်မယ်လို့ ဂျေစင်ဒါအာဒန်က ပြောပါတယ်။

အခုတစ်ပတ် အစောပိုင်းမှာ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အုတ်ကလန်မြို့ကို ပိတ်ဆို့ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးအပေါ် ကန့်သတ်မှုတွေလုပ်ထားလို့ ဂျေစင်ဒါအာဒန်က တစ်ဖက်သတ်အားသာချက် ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ အတိုက်အခံ National Party က စောဒကတက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က နယူးဇီလန်နိုင်ငံမှာ ကိုဗစ်လူနာသစ် ၉ ယောက် တွေ့ရှိခဲ့ပြီးနောက် အုတ်ကလန်မြို့နဲ့ ဆက်နွှယ်နေတဲ့ လူနာသစ်အရေအတွက်က ၅၈ ယောက်အထိ ရှိလာခဲ့ပါပြီ။
နယူးဇီလန်နိုင်ငံဟာ ရောဂါစတင်ကူးစက်ပျံ့နှံ့ချိန်မှာ ပိတ်ဆို့မှုလုပ်တာ၊ နယ်စပ်မှာ တင်းကျပ်တဲ့ ကန့်သတ်မှုတွေ လုပ်တာ၊ ကျန်းမာရေးအသိပညာပေး မက်ဆေ့တွေ ပေးပို့တာ၊ စမ်းသပ်မှု၊ ခြေရာခံစောင့်ကြည့်မှု စီမံကိန်းကို ပြင်းပြင်းထန်ထန် လုပ်ခဲ့လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၁၀၂ ရက်တိုင်တိုင် ပြည်တွင်းကူးစက်မှု မရှိခဲ့ပေမဲ့ သြဂုတ်လ ၁၁ ရက်က မိသားစု ၄ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ဇစ်မြစ်ကို ခြေရာခံ ကြည့်ချိန်မှာ ဇူလိုင်လ ၃၁ ရက်ကတည်းက နာမကျန်းဖြစ်နေတဲ့ ဈေးဆိုင်ဝန်ထမ်းတစ်ယောက်နဲ့ ဆက်နွှယ်နေတာကို တွေ့ရှိခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ကူးစက်ခံရသူ ၁၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၂ ယောက် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: BBC” New Zealand: Jacinda Ardern delays election over coronavirus fears”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top