တစ်နေ့သောအခါ ဟိမဝန္တာတောကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းလို့နေသည်။ တောအုပ်ကြီးအလယ် တစ်ပင်သောသစ်ပင်တွင် သိင်္ဂါလငှက်သည် မိုးလေလုံ၍ ခိုင်ခံ့သော အသိုက်ဝယ် ချမ်းသာစွာနေ၏။ ခဏအကြာတွင် ခိုက်ခိုက်တုန်နေသော မျောက်တစ်ကောင်သည် ငှက်သိုက်အနီး သစ်ကိုင်းတစ်ကိုင်တွင် မိုးလာခိုသည်။
သိင်္ဂါလငှက်သည် ချမ်းတုန်နေသော မျောက်ကို မြင်သောအခါ “အသင်မျောက်သည် လူများသဏ္ဍာန်ကဲ့သို့ ဦးခေါင်း၊ ခြေ၊ လက်ရှိပါလျက် အဘယ့်ကြောင့် မိုခိုစရာ အိမ်မဆောက်လုပ်ပါသနည်း။” ဟု မေးမြန်းသည်။ မျောက်မှ “ငါ၏ ဦးခေါင်း၊ ခြေ၊ လက်တို့သည် လူနှင့်တူပါသည်။ သို့သော် ငါ့မှာ လူကဲ့သို့ အသိဥာဏ် မရှိသဖြင့် နေစရာအိမ် မည်သို့ ဆောက်ရမည် မသိပါ။” ဟု ပြန်ဖြေသည်။ သိင်္ဂါလငှက်မှ “အသင်မျောက် ပေါ့ပေါ့ပြက်ပြက် လုပ်တတ်ပြီး စိတ်မတည်ကြည်သူတို့သည် ကိုယ်ရော၊ စိတ်ပါ ပင်ပန်းရသည်။ ထို့ကြောင့် ခွန်အားကို အသုံးချပြီး မိုးလေ လုံသည့် အိမ်တစ်လုံး ဆောက်ပါလေ။” ဟု အိမ်ဆောက်ရန် တိုက်တွန်းပြန်သည်။
ထိုအခါ မျောက်သည် မိုးလုံလေလုံ အသိုက်ထဲမှနေပြီး မိမိအား ဆုံးမနေသည့် သိင်္ဂါလငှက်အား အမျက်ထွက်ကာ ရန်ပြုရန်ပြင်၏။ ငှက်လည်း အသိုက်မှထွက်ပြီး အခြားသစ်ကိုင်းသို့ ပျံပြေးသည်။ မျောက်သည် ငှက်အား အန္တရာယ်မပြုရသဖြင့် ငှက်သိုက်အား တစ်စစီဖြစ်အောင် ဖျက်စီးပြီး ထွက်သွားလေသည်။ မျောက်ကော ငှက်ပါ မိုးစိုပြီး နှစ်ဦးနှစ်ဖက် အကျိုးယုတ်လေသည်။ ထို့ကြောင့် အမျက်ကြီးသူ၊ အကြံပြုစကားကို မနာခံလိုသူများကို ပြောဆိုဆုံးမခြင်းသည် တစ်ဖက်လူ၏ ဒေါသမီးကို ပိုမိုကြီးထွားလာနိုင်စေသလို၊ မိမိအကျိုးကိုလည်း ယုတ်လျော့စေသဖြင့် အခြေအနေကိုကြည့်ပြီး အကြံပြုစကား ပြောသင့် မပြောသင့် ဆင်ခြင်ဆင်ခြင်သင့်ပေသည် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များမှ ကုဋိဒူသကဇာတ်တော်ကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
Team (ရိုးရာလေး)