ပန်းစိုက်သမားရဲ့ သား

20.7.23-yyl-9.jpg

သူ့သားလေး ကြိတ်ငိုနေတာ တွေ့တော့ ” သား ဘာဖြစ်လို့လဲ”လို့ မေးလိုက်တယ်။

” ကျောင်းမှာ သူဌေးသားတွေက သားကို ပန်းစိုက်သူရဲ့ သားလို့ ခေါ်ကြတယ်။ ပြီးတော့ မင်းအဖေက သူများအိမ်မှာ ပန်းစိုက်၊ ရေလောင်းလုပ်ပေးတော့မှ ငွေလေး မစို့မပို့ရတာဆိုပြီး နှိမ်ကြတယ်”
သူ့အဖေက ခဏငိုင်သွားပြီး ”အဖေနဲ့လိုက်ပြီး ပန်းပင်စိုက်ကြည့်ပါလား ငါ့သား။ စိတ်ပြေလက်ပျောက်ပေါ့” လို့ ပြောလိုက်တယ်။

သူ့အဖေက အိတ်ထဲကနေ မျိုးစေ့တချို့ ထုတ်လိုက်ပြီး ” အဖေတို့ စမ်းသပ်မှုတစ်ခု လုပ်ရအောင်။ ပန်းပင်နှစ်ပင် စိုက်ကြမယ်။ အဖေ စိုက်တဲ့အပင်ကို အဖေ ရေလောင်းမယ်။ သားလည်း သားစိုက်တဲ့အပင်ကို ရေလောင်း။ အဖေက အဖေ့အပင်ကို ရေကန်ထဲကနေ ရေကြည် ခပ်လောင်းမယ်။ သားက သားအပင်ကို ရေအိုင်ထဲကနေ ရေနောက်တွေ ခပ်လောင်းကြည့်။ ဘယ်လို ဖြစ်လာမလဲ ကြည့်ရအောင်” လို ဆိုတယ်။

သားငယ်ကလည်း သူ့အဖေနဲ့အတူတူ အပင်စိုက်ရလို့ ပျော်သွားတယ်။ ဒီလိုနဲ့ သူတို့သားအဖက စိုက်ထားတဲ့အပင်နှစ်ပင်ကို နေ့တိုင်း ရေလာလောင်းကြတယ်။ ရက်အတော်ကြာတော့ အပင်နှစ်ပင်ကို ပြပြီး အဖေလုပ်သူက မေးတယ်။

” အဖေတို့ စိုက်ထားတဲ့ အပင်နှစ်ပင်ကို ကြည့်ပြီး ငါ့သားအမြင်ကို ပြောပါဦးကွ”
” သားအပင်က ပိုလှပြီး ပိုသန်သလိုပဲ အဖေ။ အဖေ လောင်းတဲ့ရေက သန့်ရော သန့်ရဲ့လား”
” ရေနောက်လောင်းလို့ အပင်မကြီးဘူးဆိုတာ မရှိပါဘူး ငါ့သား။ တကယ်တော့ ရေနောက်က မြေသြဇာတောင် ပိုကောင်းသေးတယ်။ သားရဲ့ဘဝမှာ တချို့လူတွေက မင်းကို သေးသိမ်အောင် လုပ်ကြတယ်။ မင်းအိပ်မက်တွေကို ပြက်ရယ်ပြု လှောင်ပြောင်ကြမယ်။ မင်းကို ညစ်နွမ်းအောင် လုပ်ကြတယ်။ ဒါဟာ သားရဲ့အမှားကြောင့် မဟုတ်ဘူး၊ သူတို့တွေရဲ့ အတ္တစိတ်ကြောင့်သာ ဖြစ်တယ်ဆိုတာ ငါ့သား အမြဲမှတ်ထားပါ။ ဒါကြောင့် သူတို့ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ စကားလုံးတွေကြောင့် ကိုယ်ကိုယ်ကိုယ် အထိခိုက်မခံပါနဲ့ ငါ့သား။ ပိုကောင်းတဲ့သူ၊ ပိုသန်မာတဲ့သူ တစ်ယောက်ဖြစ်လာအောင် ဒီစကားလုံးတွေကို တွန်းအားအဖြစ် အသုံးချပါ။ ဒီအပင်လေးတောင် ရေနောက်တွေလောင်းရင်း ရှင်သန်လာသေးတာပဲ။ ငါ့သားလည်း ဒီအပင်လေးလို ရှင်သန်ကြီးထွားနိုင်အောင် ကြိုးစားပါ”လို့ အဖေလုပ်သူက ပြောလိုက်ပါတယ်။

Ref: Chima Dickson

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top