မြန်ဖို့ထက် မှန်ဖို့လို

golf-teach.jpg

ဘောလုံးကန်၊ အလေးတုံးပစ်၊ ဂေါက်သီးရိုက် အစရှိသဖြင့် ခြေအား၊ လက်အားကို သုံးပြီး ဆော့ရတဲ့ အားကစားတွေ ရှိပါတယ်။ အဲ့ဒီအားကစားတွေမှာ အရေးကြီးဆုံး အချက်က ဘာလို့ထင်ပါသလဲ။ အားများရမယ်လို့ ထင်ပါသလား။ ဒါဟာ အရေးအကြီးဆုံး မဟုတ်ပါဘူး။ အရေးအကြီးဆုံးက ဟန်ချက်မှန်ဖို့ ဖြစ်ပါတယ်။ ကျွန်တော့ကို ကျွန်တော့အဖေ ဂေါက်ရိုက်သင်ပေးတုန်းက ဆိုရင်ပေါ့။ အဝေးကို အရမ်းရောက်ချင်ပါတယ်။ ဂိုက် ၅၀ ကနေ ၁၀၀၊ ၁၀၀ ကနေ ၁၅၀ အစရှိသဖြင့် အဝေးကြီးကို ရောက်ရမှ ကျေနပ်တတ်တယ်။ ဂိုက် ၂၀၀ ကျော်ဖို့အတွက်က ပန်းတိုင်ကြီးလို့ပေါ့။

ဂေါက်ရိုက်တဲ့အခါ အဖေက ဆိုပါတယ်။ အဝေးကြီး ရောက်ဖို့ကို အာရုံစိုက်မထားနဲ့အုံး။ လောလောဆယ် ရိုက်ချက် ပုံစံ ကိုယ်ဟန်နေထား မှန်အောင် လုပ် ဆိုပြီးတော့ ပြောပါတယ်။ ဂေါက်မှာက ကိုယ်ဟန်ချက် တစ်ခုကို မပြင်ပဲ ထားရင် အဲ့ဒီကိုယ်ဟန်ဟာ အတော်လေး ပြင်မရတော့ပါဘူး။ အဝေးရောက်ဖို့ စိတ်မဲနေချိန် ကိုယ်ဟန် ဟာလည်း လွဲမှားပြီး ဘယ်လိုရိုက်ရိုက် အဝေးမရောက်တော့ပါဘူး။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ဖို့ကို အရင်ကျင့်လိုက်ရပါတယ်။

ကိုယ်ဟန် မှန်ပြီးတဲ့နောက် ဘာကိုထပ်ကျင့်ရသလဲဆို ဂေါက်သီး တည့်တည့် ပြေးဖို့ ဖြစ်ပါတယ်။ ဂေါက်သီးကို တည့်တည့်ပြေးအောင် ရိုက်ရတာလည်း လွယ်ကူလှတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ “ငါ့သား.. မင်း ဂေါက်သီးကို တည့်တည့် ပြေးအောင် မရိုက်နိုင်သေးသရွေ့ ငါမင်းကို ကွင်းထဲ ခေါ်မသွားနိုင်သေးဘူး” ဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကလည်း လေ့ကျင့်ရေးကွင်း ခြံဝိုင်းထဲမှာ ရိုက်ရာကနေ ကွင်းထဲမှာ တကယ်ပတ်ရိုက်ဖို့အတွက်ကိုး။ ဒီလို ကွေ့နေပုံနဲ့ဆိုရင် ကွင်းထဲရိုက်တဲ့အခါ ဂေါက်သီးရှာမရ ဖြစ်သွားမယ်လို့ ကျွန်တော့်ကို ဆိုပါတယ်။ ဒါကြောင့်မို့ ဂေါက်သီး တည့်တည့်ထွက်အောင် ကျင့်ရပါတယ်။

ဒီလိုနဲ့ ဂေါက်သီးလည်း တည့်တည့်ထွက်၊ လက်ဟန်၊ ကိုယ်ဟန် အားလုံးကလည်း မှန်သွားတဲ့အခါ အကွာအဝေး ဆိုတာ ကျွန်တော် မလိုချင်ရင်တောင် အလိုအလျောက် ရလာတဲ့ skill တစ်ခု ဖြစ်လာပါတယ်။ နည်းနည်းလေး အားပိုထည့်လိုက်ရင် နည်းနည်းပို ဝေးဝေး ရောက်လာကြောင်းလည်း သတိထားမိလာပါတယ်။

သင်ခန်းစာ –

ဘဝမှာ ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ခရီးဆက်တဲ့အခါ ပန်းတိုင်ကိုချည်း မဲနေလို့ မရပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်တိုင်း၊ ခြေလှမ်းတိုင်း၊ နေ့စဉ်တိုင်းဟာ အကောင်းဆုံးနဲ့ ဟန်ချက်ညီညီ ရှိနေဖို့ လိုအပ်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာ ဘယ်အဆင့်ကို ရောက်ရောက် သူတို့ဟာ ကိုယ်မဟုတ်ပါဘူး။ သူတို့ဟာ ကိုယ်မဟုတ်ဘူး ဆိုတိုင်းလည်း အပျင်းကြီး အေးဆေးနေနေလို့ မရပါဘူး။ ဟန်ချက်မှန်မှန်နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်နေဖို့ လိုအပ် ပါတယ်။ စိတ်လောနေလို့လည်း မရပါဘူး။ ဟန်ချက်မှန်ပြီး အကောင်းဆုံး လုပ်နိုင်တဲ့အခါ တဖြည်းဖြည်းနဲ့ မိမိလိုရာ ပန်းတိုင်ကို မြန်မြန် ဆန်ဆန်ရောက်ရှိနိုင်မှာ ဖြစ်ကြောင်း ထပ်လောင်း အားပေးစကား ပြောကြားအပ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top