အမေဇုန်တောထဲမှ မြစ်တစ်စင်းရဲ့အစကို ဗြိတိန်နိုင်ငံမှ စွန့်စားသွားလာသူတစ်စု ရှာဖွေဖော်ထုတ်

16.9.2024-yyl-6.jpg

ဗြိတိန်နိုင်ငံမှ စွန့်စားသွားလာသူတစ်စုဟာ အမေဇုန်တောနက်ထဲက လူသူအရောက်အပေါက်နည်းတဲ့ မြစ်တစ်စင်းရဲ့ အစကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ သစ်တော ထူထပ်လွန်းလို့ ကိုသြဒီနိတ်အမှတ်တွေ တိကျရေရာခြင်း မရှိတဲ့ ဒီနေရာကို အရင်ကတော့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ပဲ မြေပုံဆွဲထားခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသား အက်ရှ်ဒိုက်ဟာ သူ့ရဲ့အပေါင်းအဖော် ၃ ယောက်နဲ့အတူ စွန့်စားရှာဖွေခဲ့တာဖြစ်ပြီး ခရီးလမ်းတစ်လျှောက်မှာ ကျားသစ်၊ မိချောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ကမ္ဘာ့အကြီးဆုံး ပင့်ကူမျိုးစိတ်၊ မြွေတွေနဲ့ ဧရာမ ပုရွတ်ဆိတ်ကြီးတွေကို ရှောင်ကွင်းခဲ့ရတာမျိုး ကြုံခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ သြဂုတ်လ ၂၉ ရက်က ရဟတ်ယာဉ်ငှားပြီး ဆူရီနမ်နိုင်ငံရဲ့ သစ်တောထဲကို ဆင်းသက်ခဲ့ကြတာပါ။ အဲဒီနောက် ကယက်လှေတွေကို အသုံးပြုပြီး ကော့နမ်မြစ်ကို ၆ ရက်ကြာအောင် ဆန်တက်ခဲ့ကြပါတယ်။ သူတို့ဟာ လှေတွေပေါ်ကို အလေးချိန် ပေါင် ၁၀၀ ရှိတဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာခဲ့ပြီး လမ်းတစ်လျှောက်မှာတော့ ခွဲတမ်းနဲ့ စားခဲ့ကြတာပါ။ တစ်ခါတလေလည်း မြစ်ထဲက ငါးတွေကို ဖမ်းယူစားသောက်ကြပါတယ်။ တစ်ရက်မှာတော့ တောကြမ်းခရီးကို ၁၆ နာရီကြာ ဖြတ်သန်းခဲ့ရပြီး ရေစီးသန်တဲ့မြစ်ကိုလည်း ဖြတ်သန်းခဲ့ရပါသေးတယ်။

လမ်းခရီးမှာ လူသူမတွေ့ကြသေးတဲ့ ရေတံခွန် ၂ ခု တွေ့ရှိခဲ့ပြီး ရေတံခွန် ၂ ခုကို သူတို့အမည်တွေ ပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကော့နမ်မြစ်ရဲ့ အစကို တွေ့ရှိခဲ့ပြီး ဆူရီနမ်တောနက်ထဲမှာ သူတို့တွေ့ရှိခဲ့တဲ့ ကိုသြဒီနိတ်အမှတ်တွေကိုလည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

Ref: 33-Year-old Discovers Source of an Amazon River and Uncharted Waterfalls Trekking Through ‘Brutal’ Jungle
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top