၁၁ နှစ်အရွယ်အထိ စကားမပြောတတ်ခဲ့သူက ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ အသက်အငယ်ဆုံး လူမည်းပါမောက္ခဖြစ်လာ

25.2.2023-image-5.jpg

အလုံးစုံဖွံ့ဖြိုးမှု နောက်ကျတဲ့ အခြေအနေ ကြုံခဲ့ရပြီး အသက် ၁၁ နှစ်အရွယ်အထိ စကားမပြောတတ်ခဲ့သူဟာ ကမ္ဘာကျော် ကမ်းဘရစ်ချ်တက္ကသိုလ်မှာ အသက်အငယ်ဆုံး လူမည်းပါမောက္ခဖြစ်လာခဲ့ပါတယ်။ ဂျေဆန်အာဒေးဟာ ဆယ်ကျော်သက်အရွယ်အထိ စာရေးတတ်၊ ဖတ်တတ်ခဲ့ခြင်း မရှိပါဘူး။
နောက်ပိုင်းမှာတော့ အာဒေးဟာ စာရေးတတ်၊ ဖတ်တတ်လာခဲ့ပြီး ဆာရေးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီနောက် ကိုယ်ကာယဆရာအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။

သူ့ကိုယ်သူ ယုံကြည်မှုခိုင်မာတဲ့ အာဒေးဟာ အသက် ၂၇ နှစ်အရွယ်တုန်းက ” တစ်နေ့ကျရင် အောက်စဖို့ဒ် ဒါမှမဟုတ် ကမ်းဘရစ်ချ်တက္ကသိုလ်မှာ အလုပ်လုပ်ခွင့်ရစေရမယ်” လို့ သူ့အိမ်နံရံမှာ ရေးထားခဲ့ဖူးပါတယ်။ သူဟာ နေ့ဘက်မှာ ကိုယ်ကာယဆရာအဖြစ် အလုပ်ဝင်လုပ်ပြီး ညဘက်မှာ စာတမ်းတွေ ပြုစုခဲ့ပါတယ်။ မာစတာဘွဲ့ ၂ ခု ရခဲ့ပြီး လီဗာပူးမြို့ ဂျွန်မောတက္ကသိုလ်ကနေ ပညာသင်ကြားမှုဆိုင်ရာ လေ့လာမှုဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ ရခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက ဒေါက်တာဘွဲ့ယူဖို့ လေ့လာသင်ကြားနေရင်း ဗြိတိန်တက္ကသိုလ်တွေမှာ လူမျိုးရေးဆိုင်ရာ သာတူညီမျှမရှိမှုတွေကို မီးမောင်းထိုးပြတဲ့ Aiming Higher အစီရင်ခံစာကိုလည်း ပူးတွဲတည်းဖြတ်ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် စာတမ်းကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

အာဒေးဟာ မတ်လ ၆ ရက်နေ့ကစပြီး ကမ်းဘရစ်ချ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ လူမှုဗေဒပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မှာပါ။

Ref: Man Who Didn’t Read or Write Until His Late Teens Becomes Cambridge University’s Youngest Black Professor

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top