ဈေးနှုန်းတွေနောက် လိုက်ရင်း တန်ဖိုးတွေ ပျောက်လာကြပြီလား

euro-ice-cream-K3QZ5HC.jpg

(၁)
မြို့ပြလမ်းမများထက်က အထပ်မြင့်ကုန်တိုက်ကြီးတွေဆီ ရောက်သွားတဲ့အခါတိုင်း အရောင်အသွေးစုံစွာနဲ့ ဈေးနှုန်း၊ တံဆိပ်တွေကပ်ထားတဲ့ ကုန်ပစ္စည်းတွေကို တွေ့ရှိရပါလိမ့်မယ်။ ဒါမှမဟုတ် ‘ဒီအင်္ကျီ ငါးသောင်းပေးရတယ်’၊ ‘ဒီဖိနပ်ရဲ့ ဈေးနှုန်းက သိန်းကျော်တောင်’၊ ‘ဒီပစ္စည်းက ဘာတံဆိပ်လေ၊ ဘယ်လောက်တောင်ပေးရတာ၊ နောက်ဆုံးပေါ်လေ’…စတဲ့ စကားတွေနဲ့ ဈေးနှုန်းတွေ ထုတ်ကြွားနေတဲ့လူတချို့ကို စာရှုသူရဲ့ပတ်ဝန်းကျင်မှာ တွေ့မြင်ကောင်း တွေ့မြင်နိုင်ပါတယ်။

‘ဒီလူကတော့ သူ့ပတ်ဝန်းကျင်အတွက် တကယ်တန်ဖိုးရှိသူပဲ’၊ ‘သူလုပ်သွားတဲ့အလုပ်တွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိလိုက်တာ၊ တန်ဖိုးရှိလိုက်တာ’..ဆိုတဲ့စကားမျိုးတွေနဲ့ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တန်ဖိုးကို မှတ်မှတ်ရရ ပြောပြနေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။တံဆိပ်တွေကပ်၊ ဈေးနှုန်းတွေ တပ်၊ တန်ဖိုးတွေသတ်မှတ်ကြတဲ့ လူမှုဗေဒစက်ဝန်းတစ်ခုထဲ လူးလွန့်ရှင်သန်ရင်း ကျွန်တော်တို့တွေ ပြောနေကြတဲ့ တန်ဖိုး၊ ဈေးနှုန်းတွေအကြောင်း ဆက်ပြီး အတွေးပွားမိတာလည်း ရှိပါရဲ့။လူတွေ ရောထွေးပြီးသုံးနေကျ ‘ဈေးနှုန်း’ဆိုတဲ့စကားလုံးနဲ့ ‘တန်ဖိုး’ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်၊ အကောက်အယူနဲ့ လေးနက်မှုဟာ အတူတူပဲလားဆိုတဲ့ အတွေးမျိုးနဲ့ပါ။

(၂)
တန်ဖိုးဆိုတာ စံနှုန်းသတ်မှတ်ချက်တစ်ခုဖြစ်တယ်ဆိုရင် အဝတ်အစား၊ အိမ်၊ ကား ..စတဲ့သက်မဲ့ပစ္စည်းတစ်ခုခုရဲ့ တန်ဖိုးကို အသုံးဝင်၊ အသုံးတည့်မှုနဲ့ အရည်အသွေးတို့အပေါ်မူတည်ပြီး သတ်မှတ် လက်ခံကြတယ်ပဲဆိုကြပါစို့။ပစ္စည်းတစ်ခုဟာ အရည်အသွေးကောင်းရင်ကောင်းသလို သူ့တံဆိပ်ပေါက်လာပြီး ဒီပစ္စည်းအတွက်ပေးရတဲ့ ငွေပမာဏဟာလည်း မြင့်လာပါတယ်။ ဒီလိုဆိုတော့ သက်မဲ့ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ ဘယ်လောက်ပေးရသလဲဆိုတဲ့ ငွေကြေးနဲ့ တိုင်းတာရတဲ့သဘော ဖြစ်လာပါတယ်။

ကျွန်တော်ကတော့ အရာဝတ္ထု၊ အသုံးအဆောင်တစ်ခုအပေါ် ဘယ်လောက်ပေးရတယ်ဆိုတဲ့ငွေကြေးပမာဏနဲ့တိုင်းတာခြင်းကို တန်ဖိုးလို့ မဆိုချင်ပါဘူး။ အဲဒါဟာ ဈေးနှုန်းလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်နယ်ပယ်မှာ သက်မဲ့ပစ္စည်းတစ်ခု ရောင်းကြ၊ ဝယ်ကြတဲ့အခါ ပစ္စည်းတန်ဖိုး၊ ပစ္စည်းဈေးနှုန်းလို့ အလွယ်တကူ ခေါ်ဝေါ်သုံးစွဲတာ အကြောင်းမဟုတ်ပေမယ့် သက်ရှိလူသားတွေရဲ့ ခံယူချက်၊ ရပ်တည်ချက်အပိုင်းမှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ လူတစ်ယောက်ရဲ့ ဈေးနှုန်းတို့ဟာ အတူတူမဟုတ်ဘူးလို့ ယုံကြည်ထားလို့ပါ။

(၃)
လူတချို့ဟာ သူတို့ရဲ့ အဆင့်အတန်း၊ စိတ်လုံခြုံမှုနဲ့ သူတို့တန်ဖိုးကို ထုတ်ပြနိုင်ဖို့ ပစ္စည်းအကောင်းစားတွေ သုံးပြပါတယ်။ ကားအကောင်းစားကြီးတွေ စီးကြပါတယ်။ ပညာတတ်၊ လုပ်ငန်းရှင်ကြီးတွေဖြစ်အောင် ကြိုးစားကြပါတယ်။ပညာတတ်တာ၊ စီးပွားရှာနိုင်တာ၊ ကားအကောင်းစားကြီး စီးနိုင်တာတွေဟာ ဘဝကို သက်သောင့်သက်သာနဲ့ ကျေနပ် ပျော်ရွှင်စွာဖြတ်သန်းနိုင်တာမှန်ပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက လူတစ်ယောက်ဟာ ရွှေငွေပစ္စည်းဥစ္စာတွေ ချမ်းသာတာ၊ ခေတ်ပညာတတ်ကြီးတစ်ယောက်ဖြစ်တာ သက်သက်နဲ့တော့ သူ့တန်ဖိုး၊ သူ့အဆင့်အတန်းကို တိုင်းတာလို့မရနိုင်ဘူးဆိုတာပါ။ လူတစ်ယောက်ရဲ့ တန်ဖိုး၊ အဆင့်အတန်းဆိုတာ သူ့ရဲ့ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရာထူးကြီးတဲ့ပုဂ္ဂိုလ်၊ အောင်မြင်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေ သူ့ဆီမှာ လူသားတစ်ယောက်ထားရှိအပ်တဲ့ လူ့ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကျင့်တရားသာ မရှိဘူးဆိုရင် တန်ဖိုးရှိတဲ့လူလို့ မဆိုထိုက်ပါဘူး။
ဒါကြောင့်လည်း ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက ‘ကိုယ်ကျင့်တရားသည်သာ လူ့အဆင့်အတန်း’လို့ တရားတော်တစ်ပုဒ်မှာ ဟောကြားဆုံးမထားတာဖြစ်ပါတယ်။

(၄)
တန်ဖိုးတွေ၊ ဈေးနှုန်းတွေနဲ့ပတ်သက်လို့ ထပ်ပြီး တွေးဖြစ်တာလေး ရှိပါသေးတယ်။

လိုအင်ဆန္ဒနဲ့ အဂတိတရားတွေ များလွန်းလာတဲ့ ဒီနေ့ခေတ်မှာ တချို့လူတွေဟာ ဈေးနှုန်းတွေနောက်လိုက်ရင်း သူတို့ရဲ့ တန်ဖိုးတွေကို မေ့လျော့လာကြပြီလားဆိုတာကိုပါ။ ပစ္စည်းတစ်ခု ဈေးကောင်းကောင်းရဖို့အရေး အရည်အသွေးက စကားပြောသလို လူမှုနယ်ပယ်မှာ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း ဒီအတိုင်း သူ့အလိုလိုဖြစ်လာတာတော့ မဟုတ်ပါဘူး။လူတစ်ယောက်ဟာ အချိန်ကာလတစ်ခုမှာ သူ့တန်ဖိုးကို သူကိုယ်တိုင် တည်ဆောက်ယူရတာပဲဖြစ်ပါတယ်။

လူမှုရေးနယ်ပယ်မှာ လူတစ်ယောက်ရဲ့တန်ဖိုး၊ ပညာရေးနယ်ပယ်မှာ ကျောင်းဆရာတစ်ယောက်ရဲ့တန်ဖိုး …စသဖြင့် ကျွန်တော်တို့ဟာ ကိုယ်ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ အသိအမှတ်ပြုခံရသူ၊ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ တည်ဆောက်ခဲ့ရပါတယ်။ အဲဒီလိုပါပဲ။ စာရေးဆရာဆိုရင်လည်း သူ့နယ်ပယ်မှာ အသိအမှတ်ပြု၊ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာ တစ်ယောက်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ တည်ဆောက်၊ ကြိုးစားခဲ့ရမှာပါ။ ဒီနေရာမှာ သတိထားဖို့၊ တရားကျဖို့ကောင်းတာက တစ်ခါတရံ လူတွေဟာ နေရာတစ်ခု၊ အောင်မြင်မှုတစ်ခုရလာပြီဆိုရင် ဈေးနှုန်းတွေနောက် တကောက်ကောက်လိုက်ရင်း ရှိပြီးသား တန်ဖိုးတွေ လျော့ပါးသွားတတ်တာပါပဲ။

ဥပမာအနေနဲ့ နိုင်ငံရေးနယ်ပယ်ကို ကြည့်လိုက်ပါ။ စစ်အာဏာရှင်အစဉ်အဆက်မှာ တရားမျှတမှုနဲ့ အမှန်တရားအတွက်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေရှိပါတယ်။ ဒီပုဂ္ဂိုလ် ကြီးငယ်တွေဟာ သူတို့ဘဝ၊ သူတို့တန်ဖိုးကို ဒီမိုကရေစီလို့ခေါ်တဲ့ တရားမျှတမှုတံဆိပ်နဲ့ တည်ဆောက်ဖြတ်သန်းခဲ့ကြတယ်ပဲ ဆိုပါစို့။ ဒါပေမဲ့ ဒီကနေ့အချိန် ဒီမိုကရေစီခေတ်ကိုရောက်လို့ သူတို့ရဲ့လူသားတန်ဖိုးကို အကောင်းဆုံးထုတ်ပြခွင့်ရပြီဆိုတဲ့အချိန် ရောက်ကာမှ အရင်လူတွေလို ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်၊ အာဏာသံပါတဲ့ ပြောဆိုမှုတွေ လုပ်လာ၊ ပြောလာကြပါတော့တယ်။ ဒါဟာ တစ်နည်းအားဖြင့်တော့ လုပ်ပိုင်ခွင့်၊ အာဏာတွေရလာချိန်မှာ သူတို့ရဲ့ရပိုင်ခွင့်၊ ဈေးနှုန်းတွေမြင့်တက်လာသလောက် တခြားတစ်ဘက်မှာ သူတို့စံထားခဲ့ရတဲ့ တန်ဖိုးပိုင်း နိမ့်ကျလာတဲ့သဘောပါပဲ။

(၅)
စာရေးဆရာ၊ စာပေနယ်ပယ်ထဲမှာလည်း ရှိပါသေးတယ်။၂ဝ၁ဝ ပြုပြင်ပြောင်းလဲရေးကာလနောက်ပိုင်းနဲ့ ဒီဘက်နှစ်များအတွင်း ပဲပြုတ်နဲ့ နံပြားနံ့သင်းနေတဲ့ စာပေဟောပြောပွဲတွေနဲ့ အောင်မြင်ကျော်ကြား၊ လူကြိုက်များခဲ့တဲ့ စာရေးဆရာကြီး၊ ငယ်တွေရဲ့ ဟောပြောပွဲတွေ လှိုင်လှိုင်ကြီးထွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အထိမ်းအမှတ် ဟောပြောပွဲတွေနဲ့ လက်ခုပ်သံတွေ ညံစေခဲ့တဲ့ စာရေးဆရာကြီးငယ်တွေထဲမှာ စာပေလောကထဲ နှစ်ပေါင်းများစွာ ရပ်တည်၊ အောင်မြင်မှုတွေနဲ့ သူတို့တန်ဖိုးကို တည်ဆောက်နိုင်ခဲ့ပြီးသား ဆရာတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီဆရာကြီးတွေရဲ့ စာပေဖန်တီးမှု၊ စာပေဖြတ်သန်းမှုကိုလည်း အားလုံးက မြတ်မြတ်နိုးနိုး တန်ဖိုးထား၊ လေးစားခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ရဲ့ ရပ်တည်ချက်၊ ဟောပြောချက်တွေဟာ စာပေဟောပြောပွဲဆိုတာထက် နိုင်ငံရေး အောက်လုံးထိုး၊ နိုင်ငံရေးမဲဆွယ်တဲ့ဘက်တွေ ရောက်လာတယ်ဆိုတဲ့ ဝေဖန်မှုတချို့ထွက်လာတဲ့အထိ တက်ထောင်မောင်းနင်း တွေဖြစ်လာပါတယ်။ ပိုဆိုးတာက အချိန်ကြာလာတာနဲ့အမျှ ရှေ့စကား နောက်စကားမညီတဲ့စကားတွေ ရှိလာခဲ့တာပါ။ ဥပမာပြောရင် ဟောပြောပွဲစင်မြင့်ထက်မှာ ဗိုလ်ချုပ် ဘယ်လောက်ထိ ရိုးသားကြောင်း၊ အဂတိမလိုက်တတ်ကြောင်း တစ်ချိန်လုံး အာပေါင်အာရင်းသန်သန်ပြောခဲ့ပြီးမှ ဗိုလ်ချုပ်ရုပ်ရှင်အကြောင်း ဝေဖန်ခံလာရတဲ့အခါ အဲဒီ ဆရာတွေဆီကနေ ထမင်းရည်ပူလာ လျှာလွှဲစကားတွေ ထွက်ကျလာတတ်တာမျိုးပါ။

ကျောင်းဆရာတစ်ယောက်၊ တက္ကသိုလ်ဆရာတစ်ယောက် အပြင်မှာ ကျူရှင်သင်တာ အပြစ်တစ်ခုလို့ မမြင်မိသလို၊ စာရေးဆရာတစ်ယောက် စာပေဟောပြောပွဲ ဟောတာကိုလည်း အားလုံးက လိုလိုလားလား လက်ခံကြပြီးသားပါ။ ဒါပေမဲ့ ကျောင်းဆရာလုပ်သူက သူ့ရပ်တည်ချက်အတွက် ဈေးနှုန်းတွေနောက်လိုက်၊ အိမ်ပေါက်ခန်းစေ့သွားပြီး တရားလွန်ကျူရှင်တွေသင်နေရင်တော့ ဆရာဆိုတဲ့ဂုဏ် အရိုအသေတန်ပြီး တန်ဖိုးလည်း လျော့ပါးလာပါတော့တယ်။ဒီအတိုင်းပါပဲ။ နာမည်ရပြီးသား၊ တန်ဖိုးတစ်ခုတည်ဆောက်ပြီးသား စာရေးဆရာကြီးတွေဟာလည်း လက်ခုပ်သံတွေနောက်၊ ဈေးနှုန်းတွေနောက်လိုက်ပြီး ရိုးသားမှုမရှိတော့ဘူးဆိုရင် တန်ဖိုးတွေ လျော့ကျလာမှာ အမှန်ပါပဲ။ တစ်ခါတရံ လူမှုနယ်ပယ်မှာ ဈေးနှုန်းတွေဟာ တန်ဖိုးတွေ လျော့ကျလာဖို့ ထောင်ချောက်တစ်ခုလည်း ဖြစ်နေတတ်တယ်ဆိုတာကို သတိပြုဖို့ပါ။

မိုးအောင်လင်းနိုင်(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top