အကျိုးနှစ်မျိုး ပျက်စီးစေကြောင်း လူမိုက်နဲ့ပေါင်း ကောင်းကျိုးမရ

lotus-flower-plants.jpg

(၁) ကျွန်တော်တို့ ကလေးဘဝတုန်းက အခါကြီး ရက်ကြီးတွေမှာ လူကြီးမိဘတွေကို ကန်တော့ကြတဲ့အခါ ”သူယုတ်မာနဲ့လွဲပါစေ၊ သူတော်ကောင်းနဲ့ ပေါင်းမိပါစေ”ဆိုပြီး ဘိုးဘွားမိဘတွေက ဆုပေးတတ်ကြတယ်။ ”လူဆိုတာ လူမှုရေးသတ္တဝါ”ဆိုတဲ့စကားအတိုင်း ငယ်ရွယ်စဉ် ကလေးဘဝကနေ အရွယ်တွေရောက်၊ လူလားမြောက်ပြီး လုပ်ငန်း ခွင်ဝင်တဲ့အထိ လောကလူသားတွေဟာ အပေါင်းအသင်းသူငယ်ချင်း၊ လူမှုဝန်းကျင်နဲ့ ကင်းကွာလို့ရနိုင်တာ မဟုတ်ပါဘူး။ ပျော်ရွှင် အောင်မြင်တဲ့ ဘဝတစ်ခုတည်ဆောက်ရေးမှာ ပတ်ဝန်းကျင်ကောင်း၊ အပေါင်းအသင်းကောင်းတွေရဲ့ ထောက်ပံ့မှုက အရေးပါလှသလို အပေါင်းအသင်းမှားရင် ပျက်စီးခြင်းလမ်းစဆိုက်တတ်တော့တာပါပဲ။ ဒါကြောင့် ”သူယုတ်မာ၊ လူမိုက်တွေနဲ့ လွဲပါစေ၊ ဝေးပါစေ”ဆိုပြီး လူကြီးမိဘတွေက သတိပေး၊ ဆုံးမကြရတာဖြစ်ပါတယ်။

ဘဝတစ်ခု ဖြစ်တည်၊ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ လူမှုဘဝ ပေါင်းသင်းဆက်ဆံရေးကိစ္စအရေးကြီးတာကြောင့်လည်း မင်္ဂလသုတ္တန် လာ (၃၈)ဖြာ မင်္ဂလာတရားတော်များမှာ ပေါင်းသင်းဆက်ဆံရေးမင်္ဂ လာသုံးပါးကို ဗုဒ္ဓမြတ်စွာက အရင်ဦးဆုံးဟောကြားခဲ့တာပါ။ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာတွေထဲက အရေးကြီးဆုံးနံပါတ် တစ် မင်္ဂလာကို ထုတ်ပြပါဆိုရင်တော့-

”ဒုစရိုက်ပြုငြား၊ လူမိုက်များကို၊ နီးပါးမယှဉ်၊ ဝေးစွာကြဉ်၍၊ ခင်မင်သမှု၊ အပေါင်းအသင်း မပြုရခြင်းသည်လည်းကောင်း”လို့ ဆိုထားတဲ့ လူမိုက်များနဲ့ မပေါင်းမသင်း၊ ခပ်ကင်းကင်းနေရေး ဖြစ်ပါတယ်။

”အသေဝနာ စ ဗာလာနံ၊ ဧတံ မင်္ဂလ မုတ္တမံ- လူမိုက်တို့နှင့် မပေါင်းဖော်ခြင်းသည် မြတ်သောမင်္ဂလာ မည်၏”ဆိုတဲ့ မင်္ဂလသုတ် လာ အဆုံးအမကို ဗုဒ္ဓဘာသာဝင်တိုင်း ရင်းနှီးကြပြီးသားပါ။ ဒီနေရာမှာ ဆက်ပြီးတင်ပြချင်တာက ”လူဆိုးလူမိုက် မပေါင်း ထိုက်ဘူး”လို့ဆိုထားတဲ့ ဒီမင်္ဂလာဟာ ဗုဒ္ဓဘာသာ လူမှုဝန်းကျင်မှာ ဘယ်အချိန်၊ ဘယ်အရွယ်လောက်ကစပြီး လိုက်နာကျင့်ဆောင်သွား ဖို့ လိုအပ်လဲဆိုတာ တွေးဆကြည့်ဖို့ပါပဲ။

(၂) ကလေးသူငယ် ပြုစုပျိုးထောင်ရေး လေ့လာချက်များအရ လူ သားတစ်ဦးရဲ့ဘဝမှာ ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးကာလဟာ မွေးစကနေ ၆ နှစ်အထိ ဖြစ်ပြီး ဒီအရွယ်ကာလကို ရှေ့ဆက်ရမယ့် လူ့ဘဝအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခုအဖြစ် စိတ်ပညာ ရှင်များက သတ်မှတ်ထားကြောင်းဆိုပါတယ်။ ကလေးငယ်တစ်ယောက်ကို မိမိကိုယ်တိုင်နဲ့ လောကလူ့ဘောင် အတွက် ထားရှိရမယ့် စိတ်နေသဘောထားတွေ၊ အလေ့အကျင့်၊ အပြုအမူနဲ့ တန်ဖိုးထားမှုတွေကို လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် ငယ်ရွယ်စဉ်ကာလဟာ အကောင်းဆုံးအချိန်ပါပဲ။ ရွှံ့ပျော့ပျော့လေးကိုယူပြီး ကိုယ်လိုချင်တဲ့ပုံ စိတ်ကြိုက်ပုံဖော်လို့ ရသလို ငယ်ရွယ်တဲ့ကာလမှာ အခက်အခဲ သိပ်မရှိဘဲ ပြုပြင်ဖန်တီး လို့ ရနိုင်ပေမယ့် ကလေးဟာ အသက် ၆ နှစ်ကျော်သွားရင်တော့ ရွှံ့မာသလို မာကျောသွားတတ်တာ သတိပြုကြဖို့ပါ။ ဒီအတွက် လက်ဦးဆရာဖြစ်တဲ့ မိဘတွေဟာ သားသမီးတွေ နုငယ်စဉ်ကတည်းက ကိုယ့်ကလေးအနာဂတ်အတွက် လူမှုပတ်ဝန်း ကျင်ကောင်းတစ်ခု တည်ဆောက်ပေးထားဖို့ရာ သိပ်အရေးကြီးပါတယ်။

ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေဆိုတာ သူတို့အရွယ်၊ သူတို့အသိနဲ့ လူမိုက်၊ လူလိမ္မာ ခွဲခြားသိနိုင်ဖို့ ခက်ခဲတာမို့ ငယ်ရွယ် စဉ်အချိန်မှာ ကိုယ့်သားသမီး လမ်းမှားမရောက်ရေးဟာ လူကြီးမိဘ တွေရဲ့ ထိန်းကျောင်းပဲ့ပြင်မှုအပေါ်မှာ အဓိကမူတည်နေတာပါ။အထူးသဖြင့် ပညာသင်ကြားရမယ့်အရွယ်မှာ အပေါင်းအသင်း မှားပြီး အတုမြင်အတတ်သင်ဆိုသလို မကောင်းတဲ့ပတ်ဝန်းကျင်ကို အားကျ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ အပျော်အပါးကိစ္စ တွေနဲ့သာ နစ်မွန်းသွားမယ်ဆိုရင် ဒီကလေးရဲ့အနာဂတ်ဟာ ဘဝ အောင်မြင်ရေးနဲ့ ဝေးသွားနိုင်ပါတယ်။ လူငယ်တွေရဲ့အနာဂတ်ဘဝတည်ဆောက်ရေးမှာ အပေါင်းအသင်း မမှားဖို့ အရေးကြီးတာကြောင့် အရင်ဦးဆုံးအနေနဲ့ လူဆိုးလူမိုက်တွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ မင်္ဂလသုတ်မှာ ဗုဒ္ဓမြတ်စွာက ဟောကြား ထားတယ်လို့ နားလည်ရမှာဖြစ်ပါတယ်။

”အသေဝနာ စ ဗာလာန”မင်္ဂလာဟာ လူတစ်ယောက်ရဲ့ ဘဝအနေနဲ့ပြောရရင် ကလေးသူငယ်အရွယ်ကစပြီး လိုက်နာရမယ့် တရားဖြစ်တယ်လို့ ဆရာကြီးဦးသုခက ”မင်္ဂလသုတ်အဖွင့်”မှာ သုံးသပ်ပြီး ”ပြုစုပျိုးထောင်ဆိုတဲ့ မြန်မာစကားဟာ အလွန်မှတ်သား ဖို့ကောင်းတယ်။ ပျိုးပင်တို့မည်သည် မရင့်မီ၊ မကြီးမီသာ နေရာ ကောင်းမှာ ပြောင်းရွှေ့စိုက်လို့ ရနိုင်တယ်မဟုတ်လား။ နောက်တစ် နည်းပြောရရင် ပြုစုပေးမှ ပျိုးပင်ကလေးဟာရှင်သန်ပြီး ထိုးထိုး ထောင်ထောင် ဖြစ်လာမယ်မဟုတ်လား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

(၃) မင်္ဂလသုတ္တန်တရားတော်အရ မင်္ဂလာရှိချင်တဲ့သူ၊ ကြီးပွားချမ်း သာချင်တဲ့လူဟာ အရင်ဆုံး လူ့ဗာလတွေနဲ့ ဝေးအောင် ရှောင်ရမှာပါ။ ”ဗာလ”လို့ပြောလိုက်တာနဲ့ ”လူမိုက်”ကိုရည်ညွှန်းတယ်ဆိုတာ အားလုံးသိကြပေမယ့် တကယ်တမ်း လူမိုက်လက္ခဏာ၊ လူမိုက်တို့ သဘောမှာ ဘယ်လိုအဓိပ္ပာယ်တွေ ပါနေတယ်ဆိုတာတော့ လေ့လာ ကြည့်ဖို့ လိုအပ်ပါတယ်။

”ကြံ ပြော လုပ်မှု၊ ဤသုံးခုများ၊ မကောင်းငြား၊ မှတ်သား လူမိုက်သာ”လင်္ကာစကားအရ လူမိုက် လက္ခဏာ (၃)ပါးရှိပါတယ်။ လူမိုက်လို့သိနိုင်တဲ့ အမူအကျင့်တွေက တော့ အဲဒီလူဟာ မကောင်းတဲ့အကြံတွေကို ကြံ၊ မကောင်းတဲ့ စကားတွေကို ပြောပြီး မကောင်းတဲ့အလုပ်တွေကို လုပ်နေတယ်ဆို ရင် ဒါ လူမိုက်လက္ခဏာပြနေပါပြီ။ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တွေနဲ့ မိုက်မှားနေသူတွေကို ဗာလ-လူမိုက်လို့ ခေါ်ဆို တာပါပဲ။

ဒီနေရာမှာတစ်ခုရှိတာ လူတချို့ဟာ ဗာလလို့ပြောလိုက်တာနဲ့ ခိုးဆိုးတိုက်ခိုက်နေတဲ့ လူဆိုးလူမိုက်၊ ဒုစရိုက်သမားကြီးတွေ ကို ပြေးမြင်တတ်ကြတာပါ။ တကယ်တမ်း မင်္ဂလသုတ်မှာ အပေါင်းအသင်းမလုပ်ရဘူးလို့ ဘုရားရှင်ဟောကြားထားတဲ့ လူမိုက်ဆိုတာ အဲဒီလို ထင်သာ မြင်သာတဲ့ ဒုစရိုက်သမား၊ ရာဇဝင်လူဆိုးကြီးတွေကိုပဲ ပြောချင်တာ မဟုတ်ပါဘူး။
လူမိုက်ရဲ့အဓိပ္ပာယ်ဟာ ”မှောင်မိုက်ခြင်း”ကနေ လာပါတယ်။

ကျွန်တော်တို့ ပြောဆိုနေတဲ့ မြန်မာစကားမှာ ‘မှောင်မိုက်တယ်’ ဆိုတာ ရှိပါတယ်။ လူတစ်ယောက်ဟာ အမှောင်ထဲရောက်နေပြီဆို ရင် ဘာမှ မမြင်ရတော့သလိုပဲ အသိဉာဏ်မရှိတော့ဘူးဆိုရင်လည်း သူ့အဖို့ မှောင်မိုက်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် အမှန်ကို မသိနိုင်လောက်အောင် မှောင်မိုက်နေတဲ့သူ၊ ကျိုးကြောင်းဆင်ခြင်မှု အသိဉာဏ်မရှိဘဲ မှောင်မိုက်နေသူတွေကို ရည်ညွှန်းပြီး လူမိုက်လို့ ခေါ်လိုက်တာပါ။

”ဗာလ”ဆိုတဲ့စကားကို ”လူဆိုးလူမိုက်”တရားတော်မှာ ကျေးဇူး တော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ခွဲခြမ်းစိတ်ဖြာပြတာကလည်း စိတ်ဝင်တစကားနဲ့ အထူးမှတ်သားဖို့ကောင်းပါတယ်။ ”ဗာလ”ကို တစ်လုံးစီခွဲကြည့်လိုက်တဲ့အခါ ‘ဗာ’ဆိုတာဟာ ‘နှစ်’၊ ‘လ’ဆိုတာက ‘ဖျက်ဆီးတတ်သူ’လို့ အဓိပ္ပာယ် ရတယ်။

‘ဗာလ-နှစ်မျိုးကို ဖျက်ဆီးတတ်သူ’ဟာ ဘာကို ဖျက်ဆီး တာတုန်းဆိုရင် လူမိုက်တွေဟာ ပစ္စုပ္ပာန်အကျိုးစီးပွားကို ဖျက်ဆီး တတ်သလို တမလွန်အကျိုးစီးပွားကိုလည်း ဖျက်ဆီးတတ်သူတွေပါ။ ဒီဘဝ ကောင်းကျိုးချမ်းသာရစေတဲ့ အကြောင်းတရားတွေကို ဖျက် ဆီးပစ်သလို နောင်ဘဝအတွက် ကောင်းကျိုးချမ်းသာဖြစ်စေမယ့် အကြောင်းတရားတွေကိုပါ ဖျက်ဆီးပစ်တတ်တာကြောင့် အကျိုး နှစ်မျိုးကို ဖျက်ဆီးပစ်သူ ‘လူ့ဗာလ’လို့ ခေါ်တာပါပဲ။

အဲဒီ ”အကျိုးနှစ်မျိုးကို ပျက်စီးစေတတ်သူ”ကိုပဲ နောက်ထပ် အဓိပ္ပာယ်တစ်မျိုး ဖွင့်ဆိုရရင် ဗာလာနံ-လူမိုက်ဆိုတာ ကိုယ့်အကျိုး စီးပွားကို ပျက်စီးစေသလို သူများရဲ့အကျိုးစီးပွားကိုလည်း ပျက်စီး စေသူ ဖြစ်ပါတယ်။ ”လူမိုက်ဆိုတာ သူက ကိုယ့်အတွက်အကျိုးရှိတယ်ထင်ပြီး လုပ် ပေမယ့် သူ့လည်း ကိုယ်တိုင် ထိခိုက်တာပဲ။ ဘာနဲ့ဥပမာတူတုန်းဆို ရင် မစင်နဲ့ကောက်ပြီး သူများကိုပေါက်သူလိုပဲ။ မစင်ကောက်ပြီး ပေါက်တယ်ဆိုလို့ရှိရင် သူ့အရင် မပေဘူးလား။ အဲဒီအတိုင်းပဲ။ လူမိုက်က ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးပြီးသားဖြစ်တယ်၊ သူများကို လည်း ဖျက်ဆီးတယ်”လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက ပမာပြပါ တယ်။

ဒီနေရာမှာ ”လူမိုက်တွေဟာ ဘာဖြစ်လို့များ ကိုယ့်အကျိုးစီးပွား ကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးပစ်တတ်တာလဲ”လို့ မေးလာခဲ့ရင်တော့ အကောင်းနဲ့အဆိုးမသိ၊ အသိÓာဏ်ပညာမရှိဘဲ လုပ်မိလုပ်ရာတွေ လုပ်တတ်ကြလို့ဆိုပြီး ဖြေရမှာပါ။ ”ပညာမရှိ သက်ရှင်ဘိ၊ မှတ်သိ လူမိုက်သာ။ ကောင်းဆိုးနှစ်ပါး မသိငြား၊ မှတ်သား လူမိုက်ပါ”ဆိုတဲ့ ဆုံးမစကား ရှိပါတယ်။ ဒီစကားအရ ဗာလဆိုတာ သူများအသက် သတ်နေ၊ သူများ သားမယားစော်ကားနေမှမဟုတ်ပါဘူး၊ လူ့လောက ထဲလာပြီး အကောင်းနဲ့အဆိုး မသိ၊ အသိဉာဏ်ပညာ မပါဘဲ အသက်ရှူရုံမျှနဲ့ အသက်ရှင်နေရသူ၊ ထမင်းစားဖို့အတွက် သက်သက် ရှင်သန်နေရသူတွေဟာလည်း လူ့ဗာလစာရင်းဝင်တွေပဲ ဖြစ်ပါတယ်။

လူမိုက်ဆိုတာ ကိုယ့်ဘဝအတွက်တောင် အကောင်းအဆိုး၊ အကြောင်းအကျိုး မဝေဖန်၊ မပိုင်းခြားနိုင်ဘူးဆိုရင် သူများအကျိုး စဉ်းစားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ဒီလို လူ့ဗာလတွေနဲ့ပေါင်းရင် သူ့အကျိုး၊ ကိုယ့်အကျိုး နှစ်မျိုး စလုံး ပျက်စီးစေတတ်တာကြောင့် လူမိုက်ကို ရှောင်ကြဉ်ဖို့ ဟော ကြားထားတာ ဖြစ်ပါတယ်။

(၄) ၅၅ဝ ဇာတ်နိပါတ်ထဲက ကြားဖူးပြီးသား ပုံဝတ္ထုတချို့ ထုတ်နုတ် ပြပါရစေ။ သားအမိနှစ်ယောက် ဆန်ဖွပ်နေချိန်မှာ မှက်ကြီးတစ်ကောင်က အမေလုပ်သူရဲ့ ခေါင်းကို လာကိုက်တယ်။ လက်မအားတဲ့ အမေက ‘အမေ့ခေါင်းမှာ မှက်ကိုက်နေတယ်၊ လုပ်ပါဦး’လို့ ပြောတယ်။ အဲဒီအချိန်မှာ သမီးလုပ်သူက ‘ငါ့အမေကိုမှ လာကိုက်တဲ့ မှက်၊ သေပေရော့’ ဆိုပြီး သူ့အမေခေါင်းမှာကပ်နေတဲ့ မှက်ကို မောင်းတုံး နဲ့ ထုချလိုက်ပါတော့တယ်။

သတ်တာက မှက်၊ သေတာကတော့ အမေပေါ့။ မောင်းတုံးနဲ့ ထုလိုက်ရင် သူ့အမေ သေသွားနိုင်တယ်ဆိုတာ မသိလောက်အောင် ဉာဏ်နည်းတာဟာ မိုက်မဲတာပါပဲ။ ဟိုးရှေးရှေးတုန်းက ကျေးရွာတစ်ရွာမှာ ခြုံပုပ်တွေ၊ ရေမြောင်း တွေထူပြီး ခြင်တွေပေါတော့ ရွာသူရွာသားတွေက ခြင်တွေကို နှိမ်နင်းဖို့ လုပ်ကြတယ်။ ရွာသားတွေဟာ သူတို့ကို လာကိုက်တဲ့ခြင်တွေကို နှိမ်နင်းဖို့ တောထဲ သွားကြတဲ့အခါ ခြင်တွေက သူတို့အပေါ် လာနားကြ တယ်။ ဒါကိုပဲ ”ဒီလောက် ကိုက်တဲ့ခြင်တွေ၊ သေစမ်းဟ”ဆိုပြီး လူပေါ်လာနားတဲ့ခြင်တွေကို မြားတွေနဲ့ အပြန်အလှန်ပစ်လိုက်ကြတာ ရွာသားတွေ သေကုန်ကြပါလေရော။

မြားနဲ့ပစ်တာက ခြင်၊ တကယ်တမ်း မြားချက်မှန်ပြီး သေတာ က ကိုယ့်ရွာသားတွေပေါ့။ ဒီလို ပစ်ရင်၊ ဒီလို ဖြစ်မယ်မှန်း မသိ လောက်အောင် ဆင်ခြင်ဉာဏ်ကင်းမဲ့တာဟာ မိုက်မဲတာပါပဲ။ဒီအဖြစ်အပျက်တွေကိုကြည့်လိုက်တာနဲ့ လူမိုက်တွေ လုပ်လိုက် ရင် စေတနာကောင်းရှိတာတောင် ပြဿနာတက်ပြီး ဒုက္ခရောက် တတ်တာ သိသာစေပါတယ်။ ဓမ္မပဒဒေသနာမှာလည်း ”လူမိုက်နဲ့နေရတာဟာ ရန်သူနဲ့နေရသ လိုပါပဲ”လို့ ဆုံးမထားပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီးကတော့ အသိဉာဏ် မဲ့တဲ့ လူမိုက်ဆိုရင် အပေါင်းအသင်း သူငယ်ချင်း မပြောနဲ့၊ ကိုယ့်ဆရာသမား၊ ကိုယ့်မိဘဖြစ်နေရင်တောင် ရှောင်နိုင်သမျှ ရှောင် ရမယ်ဆိုတဲ့သဘောမျိုး သတိပေးခဲ့တာ တွေ့ရပါတယ်။

”မည်သူကိုမျှ၊ မညှာကြနှင့်၊
မိဘဆရာ၊ ဖြစ်စေကာလည်း၊
သူဟာ ဗာလ၊ ပဏ္ဍိတဟု၊
ကျနခွဲလှစ်၊ တွေ့တိုင်းစစ်၊
စနစ်ကျစေကွဲ့”ဆိုပြီး ‘အခြေပြုမင်္ဂလသုတ်”ကျမ်းစာမှာ မဟာဂန္ဓာရုံဆရာတော်ကြီးက လမ်းညွှန်ထားတာ ဖြစ်ပါတယ်။

(၅) လူမိုက်နဲ့ပေါင်းလို့ အကျိုးစီးပွားပျက်ပြားရတယ်ဆိုတဲ့နေရာမှာ ဆရာရယ်၊ တပည့်ရယ် မရှိပါဘူး။ တပည့်မိုက်ကြောင့် ဒုက္ခရောက် ရတဲ့ ဆရာနဲ့ ဆရာမိုက်ကို ဆည်းကပ်မိလို့ သံသရာအထိ အတိဒုက္ခရောက်ရသူ တပည့်ရယ်လို့ပဲ ရှိပါတယ်။ ဒီဖြစ်ရပ်နှစ်ခုအတွက် အကောင်းဆုံးသက်သေကတော့ အရှင် မဟာကဿပနဲ့ အဇာတသတ်ဘုရင်တို့ရဲ့ အဖြစ်ပါပဲ။ အရှင်မဟာကဿပ မထေရ်မှာ တပည့်ရဟန်းနှစ်ပါးရှိပါတယ်။ တစ်ပါးက အသိအလိမ္မာ၊ သဒ္ဓါတရားရှိပေမယ့် ကျန်တဲ့တစ်ပါးက တော့ သဒ္ဓါမွဲပြီး ကောက်ကျစ်စဉ်းလဲ မိုက်မဲသူပေါ့။ တပည့်မိုက် ရဟန်းဟာ ဆရာသမားအတွက် ဝတ်ကြီးဝတ်ငယ် မပြုပါဘူး။ လိမ္မာတဲ့ရဟန်းက ရေခပ်၊ ရေနွေးတည်၊ ဝတ်ကြီးဝတ်ငယ် တွေပြုပြီးပြီဆိုရင်တော့ ဆရာသမားရှေ့ရောက်တဲ့အခါ သူလုပ်ထားသ ယောင်နဲ့ တပည့်မိုက်က ဟန်ဆောင်ပြပါတယ်။

ဒါကိုသိသွားလို့ အရှင်မဟာကဿပက ဆုံးမပြန်တော့ ကိုယ့် ဆရာသမားအပေါ် အမုန်းထားပြီး ရန်ငြိုးဖွဲ့ပြန်တယ်။ တပည့်မိုက် ရဟန်းဟာ နောက်ဆုံးမှာ ကိုယ့်ဆရာသမားရဲ့ကျောင်းကို မီးရှို့လိုက် တယ်။ မီးမလောင်ဘဲ ကျန်နေတဲ့အသုံးအဆောင်တွေကို ရိုက်ခွဲ ဖျက်ဆီးပြီးမှ ကျောင်းကနေ ထွက်ပြေးသွားပါတယ်။ ဒါဟာ တပည့်မိုက်နဲ့အတူနေမိလို့ အစော်ကားခံထိတဲ့ အရှင် မဟာကဿပရဲ့ အဖြစ်ပါပဲ။ အဇာတသတ်ဘုရင်ဆိုတာကတော့ ဒေဝဒတ်ကို ဆရာတင်ပြီး လူပေါင်းမှားခဲ့မိသမျှ ကိုယ့်ဖခင်ကို ပြန်သတ်တဲ့အထိ မိုက်တွင်း နက်ခဲ့ရတယ်မဟုတ်ပါလား။

လူပေါင်းမှားပြီဆိုရင် ခုဘဝအကျိုးစီးပွားပျက်ပြားရုံမက၊ နောင်ဘဝ နောင်သံသရာထိပါ အပါယ်ငရဲကို ကျရောက်ရတတ်တာ ကျွန်တော်တို့တွေအတွက် သတိပြုစရာပါပဲ။အင်္ဂုတ္ထိုရ်ပါဠိတော်လာ၊ တိကနိပါတ်၊ ဗာလဝဂ်၊ ဘယသုတ်မှာ ”ဘေးဥပဒ် အန္တရာယ်မှန်သမျှဟာ ဒုစရိုက်ပြုသူ လူမိုက်တွေကြောင့် သာ ဖြစ်ရတယ်။ သူတော်ကောင်းတွေကြောင့် မဖြစ်ပါဘူး”လို့ ဟောကြားထားကြောင်း မှတ်သားရပါတယ်။

”လူဆိုတာ လူမှုရေးသတ္တဝါ”လို့ ဆိုခဲ့သလိုပါပဲ။ ကျွန်တော်တို့တွေရဲ့ဘဝမှာ အပေါင်းအသင်း၊ သူငယ်ချင်းတွေ ရှိနေကြမှာပါ။ ဒါပေမဲ့ လူမှုဝန်းကျင်မှာ အပေါင်းအသင်း ရှာဖွေ တဲ့အခါမှာတော့ ”အသေဝနာ စ ဗာလာန”မင်္ဂလာကို လက်ကိုင် ထားပြီး အပေါင်းအသင်း မမှားကြဖို့ဖြစ်ပါတယ်။ လူမိုက်ဆိုတာ ပစ္စုပ္ပာန်၊ သံသရာ နှစ်ဖြာအကျိုးနဲ့ ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးစလုံးကို ပျက်စီးစေတတ်၊ ဖျက်ဆီးတတ်သူဆိုတာ သတိပေးလိုတာပါပဲ။

မိုးအောင်လင်းနိုင် ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top