ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာ လူငယ်လေးတွေ ပြောတတ်ကြတာရှိပါတယ်။ ဒီအလုပ်ကိုဝါသနာမပါဘူး၊ မလုပ်ချင်ဘူး။ ဒါဖြင့် ဘာဝါသနာပါလဲမေးပြန်တော့လည်း မသိဘူးလို့ပဲ ဖြေကြပါတယ်။ ကိုယ်က ဘာကို ဝါသနာပါလို့ပါမှန်းမသိအောင်ကို လမ်းပျောက်နေကြသူတွေက အများကြီးပါပဲ။ လုပ်ငန်းခွင်ဝင်နေကြသူတွေထဲမှာလည်း လုပ်သာလုပ်နေရတာ မပျော်ဘူး၊ မလုပ်ချင်တော့ဘူးဆိုသူတွေလည်း ရှိပါသေးတယ်။
လုပ်နိုင်စွမ်းတဲ့အရာ (What I am good at) နဲ့ လုပ်ချင်တဲ့အရာ (What I want to do)
“What I am good at” ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ဟာ ကိုယ်ကောင်းကောင်းလုပ်နိုင်တဲ့အရာကို ဆိုလိုပါတယ်။ ဘယ်သူ့မှာမဆို အထစ်အငေါ့ပြဿနာတစ်ခုတလေမရှိဘဲ ကောင်းကောင်းလုပ်နိုင်စွမ်းတဲ့အရာတွေ ရှိနေပါတယ်။ အထုံဝါသနာမဟုတ်ပေမဲ့ ကိုယ်လုပ်ကြည့်တဲ့အခါ အဆင်ပြေပြေရှိပြီး ရလဒ်ကလည်းကောင်းနေတာမျိုး ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ဟာ နိုင်ငံခြားမှာ ဆေးပညာသွားသင်လာခဲ့ပါတယ်။ အဲဒီဆေးကျောင်းမှာလည်း အဆင့်တစ်၊ နံပါတ်တစ်၊ အမှတ်အများဆုံးနဲ့ အောင်လာခဲ့တာပါ။ မြန်မာပြည်ပြန်လာတဲ့အခါ အစိုးရစစ်စာမေးပွဲလေးတစ်ခုကိုဝင်ဖြေလိုက်ရုံနဲ့ မြန်မာနိုင်ငံကအသိအမှတ်ပြုတဲ့ ဆရာဝန်လက်မှတ်ကို သူရနိုင်ပါတယ်။ သူနဲ့အတူ ပြန်လာသူတိုင်းလုပ်ကြပေမဲ့ သူကတော့မလုပ်ခဲ့ပါဘူး။ ဘာလို့လဲမေးတဲ့အခါ ဝါသနာမပါလို့ ဆိုတဲ့ အဖြေကို သူကပေးပါတယ်။ နောက်တော့ လုပ်ငန်းအသေးစားလေးတစ်ခုကို တစ်ပိုင်တစ်နိုင်လုပ်ပြီး စားနိုင်သောက်နိုင်အခြေအနေရှိလာပါတယ်။ သူ့လုပ်ငန်းကို နိုင်ငံခြားသားတွေကတောင် စိတ်ဝင်စားလာကြပြီး ရင်းနှီးမြုပ်နှံဖို့အတွက် ကမ်းလှမ်းလာကြပါတယ်။ ဒီနေ့ဒီအချိန်အထိ ဖျားနာတာပဲဖြစ်ဖြစ် တစ်ခုခုကျန်းမာရေးအရသိချင်တာပဲဖြစ်ဖြစ် သူ့ကိုမေးကြည့်တိုင်း သူက အားလုံးဖြေပေးနိုင်ပါတယ်။ ဖြေတာတွေက မှန်ကန်သလို ဆေးလမ်းညွန်တာမျိုးလည်း ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်။
ဒီလောအကြောင်း၊ ကုသမှုအကြောင်တွေး သိနေလျက်သားနဲ့ ဘာလို့ဆရာဝန်ပဲဆက်မလုပ်သလဲ မေးတော့ ဝါသနာမပါလို့ဖြစ်ကြောင်းပဲ ဖြေပါတယ်။ ဆေးကုတာနဲ့ ဆေးပညာဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် “What I’m good at” ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်သွားပါပြီ။ သူက “What I’m good at ” ကို မရွေးဘဲ “What I want to do” ကိုရွေးချယ်လိုက်တာပါ။ အဲဒီနယ်ပယ်မှာလည်း သူအောင်မြင်နေပါတယ်။ ဒါပေမဲ့ ဒါက ဥပမာတစ်ခုပဲဖြစ်ပြီး လူတစ်ရာမှာ တစ်ယောက်လောက်ရှိတတ်တာမျိုးပါ။ လက်ရှိ အသက် ၁၈၊ ၁၉ အရွယ်လူငယ်တွေ၊ အသက် ၂၂ အောက်အရွယ်လူငယ်တွေအတွက်တော့ “What I want to do” နောက်ကိုလိုက်သွားရင် ဒီလူလိုဖြစ်လာဖို့ Chance က ၁၀ ရာခိုင်နှုန်းတောင်မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည့်စုံတဲ့ဗဟုသုတမရှိသေးတာနဲ့ ကိုယ်အကောင်းဆုံးလုပ်နိုင်တဲ့ဟာက ဘာလဲဆိုတာကိုမသိသေးလို့ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေအနေနဲ့ အလုပ်၊ ပညာရေးအတွက် ရွေးချယ်ရာမှာ မသေမချာ ဖြစ်ရတဲ့အခါတိုင်း ကိုယ်စိတ်ဝင်စားရာတစ်ခုခုကို စိတ်ပိုင်းဖြတ်ရွေးချယ်ပြီး ဖြစ်မြောက်လာအောင်လုပ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်ပြီးရင်တော့ “ဝက်ဖြစ်မှ ချေးမကြောက်ရ” ဆိုသလို ရွေးချယ်ထားတဲ့အရာကို အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ရမှာပါ။ ဝါသနာပါမှလုပ်မယ်လို့ဆိုပြီး ဟိုမရောက် ဒီမရောက်ဖြစ်နေရင်တော့ ဘဝလမ်းစပါ ပျောက်သွားပါလိမ့်မယ်။ ဘဝမှာ ကြိုးစားဖို့အချိန်ဆိုတာ အများကြီးရှိမနေပါဘူး။ ဒါကြောင့် လူငယ်တွေအနေနဲ့ အကန့်အသတ်နဲ့သာရနိုင်တဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး အကောင်းဆုံးသောအရာတွေကို ဖန်တီးနိုင်စွမ်းကြစေကြောင်း ရိုးရာလေးက ဆန္ဒပြုအပ်ပါတယ်။
Team (ရိုးရာလေး)