ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ

yyl-046-4.jpg

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်(2019-nCov)က တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၈၀ ရှိလာပြီး ကူးစက်ခံရသူကတော့ ၃၀၀၀ နီးပါး ရှိနေပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိပြီး ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ နီပေါ၊ တရုတ်(တိုင်ပေ)၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်၊ ပြင်သစ်နိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက် မြင့်တက်လာချိန်မှာ အသက်ရှူလမ်းကြောင်း ပါရဂူ ဝမ်ကွမ်းဖာရဲ့စကားက လူတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ပီကင်းတက္ကသိုလ်၊ First ဆေးရုံရဲ့ အသက်ရှူလမ်းကြောင်း ပါရဂူ ဝမ်ကွမ်းဖာဟာ ပြီးခဲ့တဲ့တစ်ပတ်က ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့ကိုသွားပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကြည့်ရှုချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာပါ။

သူ့အနေနဲ့ အကာအကွယ်မျက်မှန် မတပ်မိခဲ့တဲ့အတွက် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာလို့ ဝမ်ကွမ်းဖာက ပြောခဲ့တဲ့နောက်မှာ မျက်စိကတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ထိပ်တန်းအဆင့် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ လီလန်ကျန်းကတော့ သာမန်လူတွေအတွက် နှာခေါင်းစည်းတွေ တပ်ထားရင် လုံလောက်တယ်၊ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ အကာအကွယ်မျက်မှန် တပ်သင့်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့စေတဲ့ အဓိကအချက်ကတော့ နှာချေရင်၊ ချောင်းဆိုးရင် အသက်ရှူလမ်းကြောင်းထဲကနေ ထွက်လာတဲ့ အရည်၊ အမှုန်အမွှားတွေကနေ ကူးစက်တာ (Droplet transmission) လို့ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာရဲ့ သုတေသီ ဖုန်းလူကျိုးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရရင် ချောင်းဆိုးတာ၊ ဖျားတာ၊ အသက်ရှူမဝဖြစ်တာ၊ အဆုတ်ရောင်တာ၊ ကျောက်ကပ်အလုပ်မလုပ်တော့တာ စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့နေ့ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ မပြသေးပေမဲ့ အဲဒီအချိန်အတွင်းမှာပဲ တခြားသူတွေကို ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့ အခြေအနေက တော်တော်စိုးရိမ်စရာရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကုသနိုင်မယ့်ဆေးမရှိသေးသလို ကာကွယ်နိုင်မယ့်ဆေးလည်း မရှိသေးပါဘူး။ အဲဒီတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်ပြီး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ နေထိုင်တာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးသတင်းတွေကို စောင့်ဖတ်သင့်ပြီး လူအများ စိုးရိမ်ပူပန်စေမယ့် Fakenews တွေ တွေ့ရင်တော့ လက်ဆင့်မကမ်းမိတာ အကောင်းဆုံးပါပဲ။

ဖြစ်နိုင်မယ်ဆိုရင် လူစည်ကားတဲ့နေရာတွေကို ရှောင်ရှားပါ။ ဝူဟန်မြို့ ပင်လယ်စာဈေးကနေ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်ခဲ့ပြီးနောက်မှာ လူလူချင်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီအတွက် အသားတွေ၊ ဥတွေကို ချက်ပြုတ်စားသောက်တဲ့နေရာမှာ ကျက်အောက် ချက်ပြုတ်ကြဖို့ ကျန်းမာရေးအရာရှိတွေက အကြံပြုထားပါတယ်။ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပါ။ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးပါ။ တကယ်လို့ နာမကျန်းဖြစ်နေတယ်ဆိုရင် နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားပါ။ ကိုယ် ကိုင်တွယ်အသုံးပြုထားတဲ့ ပစ္စည်းတွေကို သေသေချာချာ ဆေးကြောပါ။ တကယ်လို့ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတပ်ဆင်ပါ။

ကိုယ်ခံအားမြှင့်တင်ဖို့အတွက် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ ရှောက်သီး၊ သံပုရာသီး၊ သင်္ဘောသီး၊ အနီရောင်ငရုပ်ပွသီးတွေ စားပေးပါ။ ဗီတာမင်စီဟာ ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ သွေးဖြူဥတွေ ထုတ်ပေးပါတယ်။ ပန်းပွင့်စိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဟင်းနုနွယ်တွေ စားပေးပါ။ ဗီတာမင်-E ပါဝင်တဲ့ ဗာဒံစေ့၊ ဗီတာမင်-D ကြွယ်ဝတဲ့ ဒိန်ချဉ်တွေကလည်း ကိုယ်ခံအားမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ အိပ်ရေးဝဝ အိပ်စက်ခြင်းကလည်း ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ ရိုးရာလေးစာဖတ်ပရိသတ်အားလုံး ကျန်းမာပျော်ရွှင်ပါစေ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top