ပရဟိတလူသား ဖိုးသော်

Phoe-Thaw-2.jpg

”ပရဟိတအလုပ်တွေကိုစလုပ်တော့ စိတ်ထွက်ပေါက်အနေနဲ့လုပ်ခဲ့တာ။ ဒါပေမဲ့ ပရဟိတလုပ်နေရင်း ကျွန်တော်တို့ထက် ပိုခက်ခဲနေတဲ့ဘဝတွေအကြောင်းကို ပိုသိခဲ့ရတယ်” ဟု ဖိုးသော်က အဝေးတစ်နေရာကို ငေးရင်းပြောလာသည်။

ဖိုးသော်ကို ပရိသတ်များက ONE Championship ၏ ကစားသမားအဖြစ်မသိသေးခင်ကာလတွင်
၎င်းသည် ပရဟိတလူမှုအကျိုးဆောင်လုပ်ငန်းများကို တစိုက်မတ်မတ်လုပ်နေသော တက်ကြွသည့် လူငယ်တစ်ဦးအနေဖြင့် သိထားကြသည်။ ဖိုးသော်၏ ဘဝဇာတ်အကြောင်းကို ပြန်ပြောသည့်အခါတိုင်း ပရဟိတဆိုသောအခန်းကဏ္ဍကို ချန်ထားခဲ့၍မရချေ။

”ပရဟိတအလုပ်တွေ စလုပ်ဖြစ်တာတော့ ၂ဝဝ၂ လောက်က ဖြစ်မယ်။ မေတ္တာလူငယ်အဖွဲ့ကတော့ ၂ဝဝ၈ ခုနှစ်မှာ Happy Smile For Every One ဆိုပြီး သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ နာဂစ် မုန်တိုင်းအပြီးကစပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကို လုပ်ဖြစ်ခဲ့တာ။ ဒါပေမယ့် နောက်ပိုင်း ပြဿနာတစ်ခုကြောင့် နာမည်ပြောင်းပြီး မေတ္တာလူငယ်ဆိုပြီးလုပ်ဖြစ်ခဲ့တယ်” ဟု ဖိုးသော်ကဆိုသည်။

ဖိုးသော်က လူမှုပတ်ဝန်းကျင် အကျိုးပြုခြင်းသည် လူသားဆန်ခြင်းဟုခံယူထားပြီး လက်လှမ်းမီသလောက် ပရဟိတ အလုပ်တွေလုပ်ဖြစ်တယ်ဟု ဆိုပါသည်။

“အရင်ကတော့ ကြိုကြားကြိုကြား လုပ်ခဲ့ရာကနေ ၂ဝ၁ဝ ခုနှစ်ကစပြီးမေတ္တာလူငယ်ပရဟိတအသင်းကို တရားဝင်ကြေညာပြီး ယနေ့အချိန်ထိ တစိုက်မက်မက်လုပ်ဖြစ်ခဲ့တယ်” ဟု ဖိုးသော်က ဆက်လက်ပြောကြားသည်။ ဖိုးသော်သည် မေတ္တာလူငယ် ပရဟိတအဖွဲ့ကို ၂ဝဝ၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ တရားဝင်ကြေညာထုတ်ခဲ့သည်။ ၎င်းတို့အဖွဲ့၏ ရပ်တည်ချက်သည် ‘”Let’s Create the Better World” ပိုမိုကောင်းမွန်သော ကမ္ဘာကို ဖန်တီးကြစို့ ဟု အဓိပ္ပာယ်ရသည်။

ဖိုးသော်သည် ကျန်းမာကြံ့ခိုင်သော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်မလာခင်ကာလက ၎င်းဖြတ်သန်းခဲ့ရသောဘဝသည် ကျန်းမာရေးချူချာသောလူသားတစ်ဦးဖြစ်ခဲ့သည်။ ၎င်းသည် ကျန်းမာကြံ့ခိုင်အောင် ကြိုးစားရင်း ပရဟိတလမ်းမပေါ်လျှောက်ခဲ့သော သာမန်လူတစ်ဦးအဖြစ်နှင့်သာ ရပ်တည်ခဲ့သည်။ ဖိုးသော်သည် အာရှတွင် အကြီးမားဆုံး ကိုယ်ခံပညာရပ်ပေါင်းစုံ အဖွဲ့အစည်းဖြစ်သော ONE Championship နှင့် ၂ဝ၁၅ ခုနှစ်မှစတင်၍ လက်တွဲခဲ့သည်။

”ကျွန်တော်က ပရဟိတကို စိတ်ရင်းနဲ့ပဲ စပြီးလုပ်ခဲ့တာ။ စတည်ထောင်ဖြစ်ခဲ့တာလဲ စိတ်တူတဲ့သူ လုပ်နိုင်တဲ့သူတွေနဲ့ပဲ အကျိုးမဖက်ပဲလုပ်လာခဲ့တာ ၁ဝစုနှစ်ကျော်လာခဲ့ပြီ ။ ဘယ်လောက်ပဲလုပ်နိုင်လုပ်နိုင် ရသလောက်ကို အချိန်ပေးနိုင်သလောက်လုပ်သွားမယ်။ ဘယ်တော့မှ မရပ်သွားဘူး” ဟု ၎င်းကဆိုသည်။ ONE Championship သည် ၂ဝ၁၅ ခုနှစ်တွင် Kingdom of Warriors ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုပွဲစဉ်သည် ဖိုးသော်အတွက် အမှတ်တရတစ်ခုအနေနှင့်ရှိနေပြီး ဖိုးသော်ဟူသည့် ကိုယ်ခံပညာကစားသမားကောင်းတစ်ဦးကို မွေးထုတ်ပေးရန် အစပြုခဲ့သည်။

”ဒီပွဲစဉ်ကို မှတ်မိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် လက်ဝှေ့ကို စလေ့ကျင့်နေတဲ့အချိန် ကျွန်တော့်ဆရာကိုပြောရတာပေါ့။ ဆရာရယ် ကျွန်တော်လည်း ပွဲလေးထိုးချင်ပါတယ်။ ထိုးခွင့်ရအောင် စီစဉ်ပေးပါလားဆိုပြီး ကျွန်တော်က တောင်းဆိုခဲ့တာပါ” ဟု ဖိုးသော်က ပြန်ပြောင်းပြောပြသည်။

“အဲဒီအချိန်မှာ ဆရာက မင်း ပွဲတစ်ပွဲထိုးခွင့်ရမယ်လို့ ကျွန်တော်ကို လာပြောတယ်။ ကျွန်တော်က ONE Championship မှာ ထိုးခွင့်ရမယ်လို့ထင်မထားဘူး။ ပြိုင်ပွဲအတွက် ဓာတ်ပုံထွက်လာတော့မှ ကျွန်တော်ပါမှန်းသိခဲ့ရတာ”ဟု ဖိုးသော်က ONE Championship နှင့် လက်တွဲဖြစ်ခဲ့ပုံကို ပြောပြသည်။ ဖိုးသော်သည် ONE Championship တွင် (၆) ပွဲဆက်ရှုံးပွဲမရှိသော ပြည်တွင်းက ကိုယ်ခံပညာကစားသမား ဖြစ်လာခဲ့သည့်အချိန်တွင် ၎င်း၏ပရဟိတလုပ်ငန်းများ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသည်ဟု ဆိုပါသည်။

” ဖိုးသော်ဆိုပြီး နာမည်မကြီးခင်ကတည်းက ပရဟိတအလုပ်တွေ လုပ်လာခဲ့တာဖိုးသော်ဆိုပြီး ဖြစ်လာတော့ ပိုပြီးအရှိန်ကောင်းသွားတာပေါ့” ဟု ၎င်းကဆိုသည်။

ဖိုးသော်တည်ထောင်ခဲ့သော မေတ္တာလူငယ်ပရဟိတအဖွဲ့သည် ယခုအခါ အဖွဲ့ဝင်အရေအတွက် (၁ဝဝ) နီးပါးရှိနေပြီး သွေးလှူဒါန်းမှုကို အဓိကထား လုပ်ဆောင်သောကြောင့် အရေးပေါ်သွေးလိုအပ်သောသူများအတွက် မရှိမဖြစ်အားကိုးရသည့် အဖွဲ့အစည်းတစ်ခုအနေနှင့်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆေးရုံများတွင် နေ့စဉ် သွေးအရေးပေါ်လိုအပ်လျက်ရှိနေပြီး မေတ္တာလူငယ်ပရဟိတအဖွဲ့သည် အရေးပေါ်လိုအပ်နေသောလူနာများဆီ အရောက်ကူညီနိုင်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပြီဟု ဖိုးသော်က ဆိုသည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ လူတန်းစားလွှာအသီးသီးမှာရှိသည့် မတူညီမှုများ၊ လူသားဆိုင်ရာအခွင့်အရေးများအပေါ် အလေးအနက်မြင်နိုင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှာရှိသည့် လူတန်းစားမျိုးစုံအတွက် ဖိုးသော်၏အဖွဲ့အစည်းသည် ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ONE Championship ၏ Global Citizen ဟူသော လှုပ်ရှားမှုသည် အာရှတစ်ခွင်တွင်တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်တည်ရှိနေသည်။ ပရဟိတနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသည့် ONE Championship နှင့် ပရဟိတကို ချစ်မြတ်နိုးပြီး စိတ်ရင်း စေတနာမှန်နှင့် လုပ်ဆောင်နေသော ဖိုးသော်တို့၏ တွေ့ဆုံခဲ့မှုသည် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်လာခဲ့သည်ဆိုလျှင် မှားမည်မထင်ပါ။

”ကျွန်တော်ဘဝမှာ ဖိုးသော်ဆိုပြီး ဖြစ်လာဖို့ အဓိကပြောင်းအလဲဖြစ်ခဲ့တဲ့အကြောင်းသုံးခုရှိတယ်။ တစ်ခုက ပရဟိတပါပဲ။ ပရိသတ်ကို ပြောချင်တာက ကျွန်တော်အကြောင်းပါပဲ ။ ကျွန်တော်အနေနဲ့ နေ့တစ်နေ့တိုင်းမှာ ပိုက်ဆံရယ်၊ ပညာရယ်၊ ကုသိုလ်ရယ် အနည်းဆုံး တစ်ခု ရအောင်လုပ်တယ်။ အဲဒါကျွန်တော့်ရဲ့ ပျော်ရွှင်မှုလမ်းစဉ်ပါပဲ” ဟု ဖိုးသော်က ၎င်း၏ရပ်တည်မှုနှင့် ခံယူချက်ကိုပြောပြခဲ့သည်။ မြန်မာနိုင်ငံ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမား ဖိုးသော်သည် လာမည့် မတ်လတွင် ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ထိုးသတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Tiger Muay Thai Gym တွင် လေ့ကျင့်လျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top