ပန်းချီပြိုင်ပွဲမှာ နောက်ဆုံးဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ပုံတူပန်းချီနဲ့ အဒေါ်ဖြစ်သူကို အံ့အားသင့်စေခဲ့တဲ့ ၈ နှစ်သားလေး

31.3.2023-yyl-iamge-1.jpg

အသက် ၈ နှစ်အရွယ် လန်နီ မက်နော့တွန်ဆိုတဲ့ ကလေးလေးဟာ သူ့အဒေါ်ဖြစ်သူရဲ့ပုံကို ဆွဲပြီး Young Archie ပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ သူ့အဒေါ်စတတ်ချ်က သူ့ရဲ့ပုံတူပန်းချီနဲ့ပတ်သက်ပြီး မသိသလို ပန်းချီပြိုင်ပွဲဝင်ပြိုင်ခဲ့တာလည်း မသိခဲ့ဘူး။ ပန်းချီပြပွဲကို လျှောက်ကြည့်ရင်းနဲ့မှ သူနဲ့တူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကို တွေ့ပြီး အဲ့ဒီပုံက လန်နီရဲ့လက်ရာမှန်းသိသွားခဲ့တာပါ။ စတတ်ချ်က အရမ်းအံ့အားသင့်သွားခဲ့ရပါတယ်။

လန်နီက အသက် ၃ နှစ်အရွယ်မှာ ပန်းချီဆွဲတာဝါသနာပါခဲ့တာပါ။ Young Archie ပန်းချီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး Archibald Prize ပန်းချီပြပွဲမှာ သူ့ရဲ့လက်ရာကို ခင်းကျင်းပြသခံရတာက သူ့အတွက် ပထမဆုံးပါပဲ။ သူက ပြီးခဲ့တဲ့နှစ်ကမှ ပန်းချီသင်တန်းတက်ခဲ့ပြီး ပန်းချီဆရာမ ဟယ်လင်က သူ့ကို ပုံတူပန်းချီဆွဲနည်း သင်ပေးခဲ့တာပါ။

သူ့ရဲ့ပန်းချီက ဆုကြီးမရခဲ့ပေမဲ့ နောက်ဆုံးဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်။ ဘာလို့ သူ့အဒေါ်ဖြစ်သူကို ရွေးချယ်ပြီး ဆွဲဖြစ်ခဲ့တာလဲဆိုတော့ ချစ်မြတ်နိုးတဲ့တစ်စုံတစ်ယောက်ကို ဆွဲရမှာဖြစ်ပြီး သူ့အဒေါ် စတတ်ချ်က သူ့အတွက် အရမ်းထူးခြားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။

သူ့လက်ရာကို မြင်ပြီး အဒေါ်ဖြစ်သူ အံ့အားသင့်သွားတာကို မြင်ရတာ ရယ်စရာကောင်းတယ်။ သူ အဲ့ဒီပုံကို သတိမထားမိမှာ နည်းနည်းတော့ စိုးရိမ်ခဲ့ပေမဲ့ သူ့ရဲ့ပန်းချီလက်ရာမှာ ပါတဲ့ အမျိုးသမီးက သူဆိုတာ သတိထားမိသွားခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ လန်နီက ဆိုပါတယ်။

အခုဆို အဒေါ်ဖြစ်သူစတတ်ချ်က လန်နီရဲ့ပုံတူပန်းချီပိုင်ရှင်ဖြစ်သွားပါပြီ။ မကြာသေးခင်က သူ့ရဲ့အသက် ၄၀ ပြည့်မွေးနေ့မှာ လန်နီက အဲ့ဒီပုံတူပန်းချီကို လက်ဆောင်ပေးခဲ့တာပါ။ အနာဂတ်မှာ ပန်းချီထပ်ပြီး ဆွဲဖြစ်မဆွဲဖြစ်မသိသေးပေမဲ့ သူ့အမေရဲ့ပန်းချီစတူဒီယိုမှာ စမ်းသပ်မှုတချို့လုပ်နိုင်တယ်လို့ လန်နီက ဆိုပါတယ်။

Ref: 8-Year-Old Artist Surprises Aunt With A Painted Portrait Of Her That Earned Finalist Spot In An Art Competition


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top