တစ်ခါတုန်းက လီလီ ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ့ချစ်သူနဲ့ထိမ်းမြားလက်ထပ်ပြီး ခင်ပွန်းဖြစ်သူရဲ့နေအိမ်ကို လိုက်နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ တစ်ဦးတည်းသောသားဖြစ်တဲ့အပြင် ဖခင်ဆုံးပါးသွားတာကြာပြီဖြစ်တာကြောင့် အမေဖြစ်သူရဲ့ အချစ်ရဆုံးနဲ့ အားအကိုးရဆုံးဖြစ်လို့နေပါတယ်။
ခင်ပွန်းဖြစ်သူရဲ့နေအိမ်ကိုလိုက်နေရတဲ့ လီလီအတွက် အခက်ခဲဆုံးပြဿနာတစ်ခုကတော့ ယောက္ခမဖြစ်သူနဲ့ ဆက်ဆံရေးမပြေလည်ခြင်းပါပဲ။ ယောက္ခမဖြစ်သူရဲ့ အမူအကျင့်တွေနဲ့ လီလီရဲ့အပြုအမူတို့ဟာ အနည်းငယ်ကွဲပြားနေတာကြောင့် အသေးအမွှားလေးကစ ပြဿနာတက်နေရပါတယ်။ ဒီလိုနဲ့ နေလာခဲ့ရင်း နှစ်ဦးသားဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်မလာဘဲ တစ်စထက်တစ်စ ပိုဆိုးလာခဲ့ပါတယ်။ ကြားလူဖြစ်တဲ့ ခင်ပွန်းသည်ကလည်း ဘယ်သူ့ဘက်ကပါရမှန်းမသိဘဲ စိတ်ညစ်နေရပါတယ်။
နောက်ဆုံးမှာတော့ လီလီဟာ သူရဲ့ဒေါသတွေကို မချုပ်တီးနိင်တော့ဘဲ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အစွမ်းထက်ဆေးဝါးတွေရောင်းချနေတဲ့ သူ့အဖေရဲ့သူငယ်ချင်း မစ္စတာ ဂျွန်ထံသွားကာ သူကြုံတွေ့နေရတဲ့ပြဿနာတွေကိုပြောပြ အကူညီတောင်းခံခဲ့ပါတယ်။
“မစ္စတာဂျွန်ရေ…ကျွန်မအပေါ်အရမ်းအနိုင်ယူလွန်းတဲ့ ယောက္ခမကိုတော့ ကျွန်မ ခုထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ သူ မရှိမှ ကျွန်မပျော်ရွှင်မှုရလာမှာ။ ဒါကြောင့်မို့ သူ့ဘဝကိုအဆုံးသတ်ချင်လို့အဆိပ်နည်းနည်းလောက် ဖန်တီးပေးနိုင်မလားရှင်” လို့မေးလိုက်တဲ့အခါ မစ္စတာဂျွန်က “ဟုတ်ပြီ မင်းလိုတဲ့အဆိပ်ကို ငါပေးလို့ရပါတယ်။ ဒါပေမဲ့ လက်လွတ်စပယ် သုံးလို့တော့မရဘူးနော်။ ငါပြောတဲ့အတိုင်း မင်းလိုက်နာနိုင်ပါ့မလား” လို့ပြန်မေးလိုက်ပါတယ်။ ဒီအခါ လီလီက” မစ္စတာဂျွန် ပြောတဲ့အတိုင်း တသွေမတိမ်းလိုက်နာပါ့မယ် “လို့ ပြန်ပြောလိုက်တဲ့အခါ မစ္စတာဂျွန်ဟာ အခန်းထဲကိုဝင်သွားပြီး အစိမ်းရောင်သစ်ရွက်တွေပါတဲ့ အိတ်တစ်အိတ်ကိုယူလာခဲ့ပါတယ်။
“ကဲ.. ရော့ ဒီသစ်ရွက်တွေက အဆိပ်အတောက်ရှိတဲ့ရှားပါးသစ်ရွက်တွေပဲ။ ဒီသစ်ရွက်တွေကိုထောင်းပြီး မင်းရဲ့ယောက္ခမစားမယ့် အစားအစာတွေထဲကို နေ့တိုင်းထည့်ပေး။ တဖြည်းဖြည်းကြာလာရင် သူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုလာပြီး နောက်ဆုံး သေသွားလိမ့်မယ်။ မှာချင်တာတစ်ခုကတော့ ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ သူရဲ့လိုအင်ဆန္ဒတွေကို မငြိုငြင်နဲ့။ အရင်တုန်းကထက်လည်း စိတ်ရှည်ရှည်ထားပြီး ပြုမူဆက်ဆံပေးဖို့လိုမယ်။ ငါပြောတဲ့အတိုင်း လိုက်နာနိုင်မှာသေချာရဲ့လား” ဆိုတဲ့ မစ္စတာဂျွန်ရဲ့အမေးကို လီလီက “ဟုတ်ကဲ့ ပြောတဲ့အတိုင်း လိုက်နာပါ့မယ်” လို့ ပြန်ကတိပေးပြီး အဆိပ်ရွက်တွေကိုယူလာခဲ့ပါတယ်။
လီလီဟာ ရလာတဲ့အဆိပ်ရွက်တွေကိုအမှုန့်လုပ်ပြီး ယောက္ခမစားမယ့်အစားအစာတွေထဲကို နေ့တိုင်း နည်းနည်းစီထည့်ပေးခဲ့ပါတယ်။ မစ္စတာဂျွန်ရဲ့လမ်းညွှန်မှုအတိုင်း ယောက္ခမဖြစ်သူရဲ့ လိုအင်ဆန္ဒတွေကိုလည်း စိတ်ရှည်ရှည်နဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရက်အတော်ကြာလာတဲ့အခါမှာတော့ လီလီနဲ့ယောက္ခမဖြစ်တဲ့သူတို့ရဲ့ ဆက်ဆံရေးဟာ သိသိသာသာကြီးတိုးတက်လာခဲ့ပါတယ်။ အရင်ကလို တစ်ဦးနဲ့တစ်ဦး အမြင်မတူညီတာတွေ မရှိနေတော့ဘဲ ယောက္ခမဖြစ်သူကလည်း လီလီ့အပေါ် သမီးအရင်းလို သံယောဇဉ်ဖြစ်လာခဲ့ပါတော့တယ်။ တစ်ဦးနဲ့တစ်ဦးဟာ တဖြည်းဖြည်းနဲ့ သားအမိရင်းတွေလို ရင်းနှီးသက်ဝင်သွားခဲ့ကြတဲ့အထိပါပဲ။
ဒီအခါ လီလီဟာ မစ္စတာဂျွန်ဆီကို ထပ်မံသွားရောက်ခဲ့ပြီး “မစ္စတာဂျွန်ရေ အခုဆိုရင် ကျွန်မနဲ့ယောက္ခမရဲ့ဆက်ဆံရေးဟာ မမျှော်လင့်ဘဲကောင်းသွားခဲ့ပါပြီ။ သူကလည်း ကျွန်မအပေါ် တကယ့်သမီးအရင်းလိုသတ်မှတ်ပြီး မေတ္တာထားပါတယ်။ ကျွန်မကလည်း မိဘအရင်းနဲ့မခြား လေးလေးစားစားပြုစုစောင့်ရှောက်ပေးပါတယ်။ ရှေ့လျောက်လည်း ပြုစုပေးသွားမှာပါ။ ဒါကြောင့် ကျွန်မ သူ့ကို မသေစေချင်တော့ပါဘူး။ ကျွန်မခတ်ထားတဲ့အဆိပ်တွေကို ဘယ်လိုနည်းနဲ့ ပြန်ဖြေပေးလို့ရနိုင်မလဲဆိုတာ ပြောပြပါလားရှင်” လို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီအခါ “ဒါနဲ့ပတ်သက်လို့တော့ ဘာမှမစိုးရိမ်ပါနဲ့။ ငါမင်းကိုပေးလိုက်တဲ့ သစ်ရွက်တွေက တကယ်တော့ အဆိပ်ရွက်တွေမဟုတ်ပါဘူး။ နေ့တိုင်းသောက်ရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့်သစ်ရွက်တွေပါ။ ငါ့ဆီမှာ မင်းရဲ့အခက်အခဲတွေကိုပြောပြီး အကူညီတောင်းချိန်ကတည်းက မင်းကြုံနေရတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာမျိုးပဲဆိုတာ ငါသိခဲ့တယ်လေ။ အဲဒါကြောင့် ဘာအဆိပ်မှကို မပေးခဲ့တာ။ တကယ့်အဆိပ်အတောက်က မင်းရဲ့စိတ်ထဲမှာရှိနေတဲ့ အမုန်းတရားပဲ။ ဒါပေမဲ့ အခု မင်းရဲ့စိတ်မှာ အဆိပ်တွေကုန်သွားပြီမို့ မင်းနဲ့ မင်းယောက္ခမရဲ့ဆက်ဆံရေးကလည်း အဆင်ပြေလာတာပေါ့။ လူမှုဆက်ဆံရေးတစ်ခုကို ဖန်တီးတည်ဆောက်ကြတဲ့အခါ အချိန်တစ်ခုပေးရတာ ထုံးစံပါပဲ။ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း မရမကဝင်အောင်ဖန်တီးနေလို့လည်း မဖြစ်ဘူးလေ။ ကိုယ့်ဘက် သူ့ဘက်ကြည့်ပြီး လိုတိုးပိုလျော့လုပ်မှ ပြေလည်နိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ရန်သူတွေလိုသဘောထားနေမယ်ဆိုရင်တော့ ဆက်ဆံရေးက ပိုဆိုးလာရုံပဲရှိမှာ” လို့ ပြောဆိုဆုံးမလိုက်ပါတယ်။
Ref: “Poisoning Mother-In-Law”
Paradise (ရိုးရာလေး)