မိတ်ဆွေ

friends-with-backpacks-hiking-PC4EFNK.jpg

မိတ်ဆွေ

မိတ်ဆွေဟူသည်မှာ အဘယ်နည်းဟု တွေးနေမိသည်။ မည်သို့သောသူကို မိတ်ဆွေစစ်ဟု ခေါ်ပါသနည်း။

မည်သူသောသူကို မိတ်ဆွေတုဟုခေါ်သနည်း။

အတွေးများဖြင့်ကျွန်တော်ဘဝအကြောင်းတွေးနေမိပြန်သည်။ လောကတွင် မိတ်ဆွေစစ်သည် ရှား၍လာပြီဖြစ်သည်၊ ကျွန်တော်ဘဝတွင် စစ်မှန်သောမိတ်ဆွေစစ်စစ်များဖြင့် အမှန်တစ်ကယ်မကြုံတွေ့ရဖူးသဖြင့် အသက်ရှိစဉ်ခဏ မိတ်ဆွေစစ်ဖြင့် တစ်ခါတော့ ဆုံစည်းလိုက်ချင်မိ၏၊ ကျွန်ုပ်တွေ့ခဲ့ရသော မိတ်ဆွေများတွင် မိတ်ဆွေကောင်းများတွေ့ခဲ့ ဆုံခဲ့ရဖူးသော်လည်း စစ်မှန်သော မိတ်ဆွေစစ်က မရှိခဲ့ပေ။

မိတ်ဆွေစစ်ဆိုသည်မှာ ယနေ့အချိန်မှ လွန်စွာရှားပါးနေသည်တော့မဟုတ်ပေ၊ လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်ကစပြီး မိတ်ဆွေစစ်တွေ နေ့စဉ်ပျောက်ဆုံးနေပုံရလေသည်။ ရောမခေတ်ပညာရှိကြီး ဒိုင်အိုဂျီးနီး(စ်)ဟာ မီးအိမ်ကိုထွန်းပြီး နေ့လယ်အချိန်မှ မိတ်ဆွေစစ်ကို ရှာခဲ့ဖူးပါတယ်။ ပညာရှိကြီး ဆောခရတ္တိဟာလည်း တစ်ခါက အိမ်ဆောက်ပြန်ပါတယ်တဲ့ ဒီအခါမှာ အိမ်ကျဉ်းကျဉ်းလေးဖြစ်ပြီး ထည်ထည်ဝါဝါ မရှိတဲ့အတွက် “ပညာရှိကြီး အိမ်က ကျဉ်းလှချည်လား” လိုပြောဆိုလာတဲ့ သူတွေကို ဆောခရတ္တိက “ ကျုပ်အိမ်က မိတ်စစ်ဆွေစစ်တွေအတွက် နေလောက်ပါတယ်ဗျာ” လို့ ပြောဆိုခဲ့ဖူးပါတယ်။ဒါကြောင့် ဒီနေ့ခေတ်မှ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေ ရှားပါးပြီး မရှိတော့တာမဟုတ်ပါဘူး ရောမခေတ်ကတောင် မီးထွန်းရှာရလောက်အောင် ရှားပါးနေပုံရပေသည်။

လူဆိုသည်မှာ တစ်ယောက်တည်းနေ၍ရသော သက်ရှိမဟုတ်ပေ၊ လူအများ စုဝေးလျက် အစုအဖွဲ့တစ်ခုဖွဲ့ပြီး နေကြရခြင်းဖြစ်သည်။ ထိုလူဆိုသည့် အစုအဖွဲ့ ဖွဲ့ပြီးနေထိုင်ရသည့်အခါ မျိုးနွယ်တူသော လူအချင်းချင်း ပေါင်းသင်းဆက်ဆံရင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း စုပေါင်းနေထိုင်ကြခြင်းကပင် လူ့အဖွဲ့အစည်းဖြစ်သည်။ထိုလူ့အဖွဲ့အစည်းတွင် မိမိဘဝရပ်တည် နေထိုင်ရန်အတွက် ခက်ခဲလှသည်။ ထိုဘဝခရောင်းလမ်းတွင် မိတ်စစ်ဆွေစစ်နှင့် ဘဝခရီးတွင် တခဏလောက်သာ ကြုံလိုက်ရပါက ဘဝတစ်ခုလုံးအတွက် ပြည့်စုံလုံလောက်သွားတတ်ပေသည်။မိတ်စစ်ဆွေစစ်နှင့်ပါတ်သက်ပြီး ဆရာကြီးနန္ဒာသိန်းဇံ၏ “မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်း” စာအုပ်တွင် –
“ မိတ်ဆွေကောင်းဆိုတာ. . . . . .
– မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကိုပေးတတ်တယ် အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊အကူအညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။ မိမိက သတိလွတ်လို့ပဲဖြစ်ဖြစ်၊တခြား အခြေအနေ တစ်ရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ်၊မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ပြုမိတဲ့ အပြုအမူမျိုး ရှိလာရင်လဲ သည်းခံတတ်တယ်။

– မိမိက လျှို့ဝှက်ထားစေချင်တဲ့၊မပေါက်ကြားစေလိုတဲ့ စကားကို ပြောတဲ့အခါမှာလည်း အဲဒီစကားကို မပေါက်ကြားအောင်၊လုံခြုံအောင် လျှို့ ္ဝှက်ပေးတတ်တယ်၊ဘေးရန်အန္တရာယ်တွေနဲ့ ကြုံတွေ့လာတဲ့အခါ မှာလဲ မိမိကို စွန့်ပစ်ကျောခိုင်းမသွားဘူး၊ထားချန်မပစ်ခဲ့ဘူး။အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့အခါမျိုး အဆင့်အတန်း လျှောဆင်းနိမ့်ကျသွားတဲ့အခါမျိုးမှာလည်း မိမိကို မထီမဲ့မြင် မပြုဘူး၊အထင်သေးတဲ့ အပြောမျိုးနဲ့ မပြောဘူး။ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။

– မိမိချမ်းသာရင်၊အောင်မြင်ရင်၊ကျော်ကြားရင်လည်း မနာလို မရှဆိမ့်မဖြစ်ဘူး။မိမိနဲ့ထပ်တူပဲ ဝမ်းသာနေတတ် သေးတယ်။ မိမိရဲ့ အောင်မြင်မှု၊ကျော်ကြားမှုကို ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အခြားသူတွေကိုတောင် တစ်ဆင့် ပြောပြနေတတ် သေးတယ်တဲ့။မိမိရဲ့ ဂုဏ်သတင်းကို ညှိုးမှိန်စေတဲ့ မဟုတ် မတရား စကားမျိုးကို တစ်ပါးသူက ပြောလာရင်လည်း “ဒီလိုမဟုတ်ပါဘူး၊ဒီလိုမပြောသင့်ပါဘူး” စသဖြင့် ဟန့်တားတတ်တယ်။

– တစ်ဦးနဲ့တစ်ဦး ဝေးနေတုန်းမှာ အစားကောင်းစားရရင် မိမိကို ကျွေးချင် မွေးချင်စိတ်တွေနဲ့ အမှတ်များ ရနေတတ်သေးသတဲ့ . ။ မိတ်ဆွေကောင်းဆိုတာ သဒ္ဓါတရားနဲ့ ပြည့်စုံတယ်၊စင်ကြယ်တဲ့ သီလရှိတယ်၊အကြားအမြင် ဗဟုသုတများတယ်။ဝန်တိုခြင်းမရှိဘူး၊ပညာနဲ့လဲ ပြည့်စုံတယ် . . ” လို့ မိတ်ဆွေကောင်းရဲ့ အချက်အလက်တွေကို ဗုဒ္ဓတရားတော်နှင့်အညီ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အဲဒီလိုမိတ်စစ်ဆွေစစ် တွေဟာ အလွန်ရှားပါးလှပါတယ်။ လက်တွေ့ရင်ဆိုင်နေရသူ တော်တော်များများဟာ ဒီအချက်တွေနဲ့ ဆန့်ကျင်နေသူတွေပါဘဲ။လိုလျှင်တစ်မျိုး မလိုတစ်မျိုးဖြင့် အတ္တရှေ့တန်းတင်ပြီး ကိုယ်ကျိုးကြည့်သူတွေနဲ့သာဆုံတွေ့နေရတတ်ပါတယ်။ကိုက ကျရှုံးသူ၊နိမ့်လျောသူဖြစ်လာတာနဲ့ ကိုယ့်ကို အဆက်အဆံမလုပ်ဘဲ တစိမ်းဆန်ဆန် နေသူတွေကိုဘဲ ဘဝမှာ ထပ်ခါထပ်ခါတွေ့နေရပြန်တယ်။ အပေါင်းအသင်းလုပ်ရမှာကို ကြောက်လာတဲ့ပုံပါဘဲ။ မိမိအပေါ်မှာ သူအကျိုးစီးပွားရှိနေတဲ့အခါကဆက်ဆံခဲ့တဲ့ ပုံမဟုတ်တော့ဘဲ ကိစ္စပြီးသည်နှင့် ဘုရားပြီး ငြမ်းဖျက်ဆိုသလို မိမိကို မသိတော့သူတွေနဲ့လည်း လောကရဲ့ခယောင်းလမ်းတွင် ထပ်ခါထပ်ခါ ဆုံတွေနေရပြန်တော့ လောကမှာ မိတ်ဆွေကောင်းမိတ်ဆွေစစ်ဆိုတာ အမှန်တစ်ကယ်ရှိပါသေးသလားလို့ တွေးနေမိပါတယ်။မိမိကိုယ်တိုင်ကလည်း တစ်ဘက်လူအပေါ် မိတ်ဆွေကောင်း မိတ်ဆွေစစ်ရဲ့ အရည်အချင်း စိတ်ထားတွေနဲ့ ဆက်ဆံနေသလားလို့ ပြန်စစ်ဆေးဖို့လည်း လိုအပ်မယ်ထင်ပါတယ်။ လောကဟာ မှန်ချပ်လိုဖြစ်နေတတ်တယ် ပုံရိပ်အတိုင်း ပြန်လာတတ်တဲ့ သဘောရှိတယ်လို့ ပြောကြပါတယ်၊ဒီတော့ ကိုယ်ဘက်က အမှားတွေဘာရှိလည်း၊ မိတ်ဆွေကောင်းမိတ်ဆွေစစ်ရဲ့ စံနှုန်းတွေမရှိနေလို့များလား ဘာတွေလိုအပ်နေလည်းဆိုတာ သုံးသပ်ပြီး မိမိကိုယ်တိုင်က မိတ်ဆွေစစ် မိတ်ဆွေကောင်းဖြစ်ဖို့ ကြိုးစားရမှာဖြစ်တယ်။

တစ်ကယ်တော့ စစ်မှန်တဲ့ မိတ်ဆွေစစ်ဆိုတာဟာ မိမိရှာတဲ့ တရားသာဖြစ်တယ်၊လောကမှာရှိတဲ့ ချစ်သူမုန်းသူတွေဟာ ဘယ်လောက်ဘဲမိတ်ဆွေစစ်နေအုံးတော့ သေဆုံးရင် မလိုက်ပါကြပါဘူး၊ ကိုယ့်အပေါ် သစ္စာရှိရှိ ဘဝဆက်တိုင်းလိုက်ပါမယ့် မိတ်ကောင်းဆွေကောင်း မိတ်စစ်ဆွေစစ်ဆိုတဲ့ တရားဓမ္မသာလျှင် ကံ အဖြစ်နှင့် လိုက်ပါနိုင်တာဖြစ်ပါတယ်။ဒါကြောင့် လူဘဝ ခဏတာအချိန်လေးမှာ တစ်ကယ့် သံသရာမိတ်ဆွေစစ်ကိုလည်း ရှာထားဖို့ လိုအပ်ကြောင်းတွေးနေမိတော့သည်။
ဆရာကြီးနန္ဒသိန်းဇံ၏ “မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်း” စာအုပ်မှ ကောက်နုတ်ချက်များဖြစ်ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top