လူ့ရဲ့ သဘောသဘာဝက ကိုယ့်ကို တစ်ချိန်လုံး အပြစ်ပြောခံနေရရင် မကြိုက်တတ်ပါဘူး။
မိဘနဲ့ သားသမီးကြား၊ အိမ်ထောင်ဖက်အချင်းချင်းကြား၊ လုပ်ငန်းဖော်အချင်းချင်းကြား စသဖြင့် ဘယ်ဆက်ဆံရေးအခြေအနေမှာမဆို ကိုယ့်ကို အကောင်းမမြင်နိုင်သူနဲ့ အတူရှိရတာ စိတ်မသက်မသာခံစားရပါတယ်။ ကိုယ်က တခြားသူတွေကို အပြစ်ပဲ လိုက်တင်နေမယ်ဆို သူတို့တွေလည်း အလားတူ ခံစားရမှာပါ။
ဒီလိုဆိုတော့ အကောင်းချည်းပဲ ရွေးပြောရမှာလား ။ ဒါလည်း မဟုတ်သေးပါဘူး။ လူတစ်ယောက်ကို အမြဲတမ်း အကောင်းချည်းပဲ ချီးမွမ်းနေပြန်ရင်လည်း အောက်ခြေလွတ်သွားမှာပေါ့။ ပိုပြီး အရေးကြီးတာက အပြစ်တင်တယ်ဆိုတိုင်း စိတ်ဆင်းရဲစေချင်လို့ မဟုတ်ပါဘူး၊ တစ်ခါတစ်လေမှာ အခြေအနေအမှန်ကို သိရအောင်၊ ပိုကောင်းတာတွေ လုပ်လာနိုင်အောင် အရှိအတိုင်း ထောက်ပြတာတွေ လိုအပ်ပါတယ်။
မာရှယ် ဖရန်စစ္စကို လိုဆာဒါ (Marcial Francisco Losada) ဆိုတဲ့ စိတ်ပညာရှင်ကတော့ အကောင်းနဲ့ အဆိုး မျှတစေမယ့် နည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူ့ နည်းကတော့ ချီးကျူးစကား (၃) ခွန်း ပြောပြီးတိုင်း အပြစ်တင်ထောက်ပြတဲ့ စကားတစ်ခွန်း ပြောဖို့ပါ။ စိတ်ပညာလေ့လာဆန်းစစ်ချက်တွေအရတော့ ဒီနည်းဟာ တကယ်အလုပ်ဖြစ်ပါသတဲ့။ လူ့စိတ်ဆိုတာက ကိုယ့်အပေါ် ကောင်းတာနဲ့ မကောင်းတာမှာ မကောင်းတာကို ပို စွဲထင် မှတ်မိနေတာမို့ အပြစ်တင်ရှုတ်ချစကားထက် ချီးမွမ်းထောပနာစကားတွေကို အနည်းဆုံး (၃) ဆ ပိုပြောဖို့ လိုတာပါ။
ဒါပေမဲ့ အရေးကြီးတာ နောက်တစ်ခုက ရိုးသားဖို့ပါပဲ။ အပြစ်မရှိ အပြစ်ရှာ ငြူစူနေတာမျိုးမဖြစ်သင့်သလို အရမ်းကာရော မြှောက်ပင့်ချီးကျုးတာမျိုးကလည်း သဘာဝမကျပါဘူး။ လက်တွေ့ဘဝထဲက တခြားသူတွေရဲ့ စိတ်ကောင်းစေတနာကောင်းတွေကို မြင်တတ် ၊ လက်တွေ့ကျကျ အသိအမှတ်ပြုတတ်တဲ့ “ချစ်သော မျက်စိ” ရှိမှသာ ကိုယ့်ကိုလည်း တပါးသူများက ပြန်လည်ချစ်ခင်တန်ဖိုးထားလာမှာ ဖြစ်ပါတယ်။
Ref: Bright Side; “How to Criticize Your Partner without Damaging the Relationship”
ကျော်သန့် (ရိုးရာလေး)