အသက် ၃၈ နှစ်မှာ လက်ဝှေ့ကစားသမား တစ်ယောက်အဖြစ် ဘဝစတင်တော့မယ် ရီယို ဖာဒီနန်

DKEX0Y0WsAEY3gS.jpg

မန်ယူ ကစားသမားဟောင်းနဲ့ အင်္ဂလန် ခံစစ် ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ ဘောလုံးအားကစားကနေ လက်ဝှေ့ ကစားသမားတစ်ယောက် အဖြစ်စတင်တော့မယ် အကြောင်းကို ကြေညာခဲ့ပါတယ်။

ဖာဒီနန်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့် က သူ့ရဲ့ဇနီးဖြစ်သူ သေဆုံးခဲ့ပြီးနောက်ပိုင်း ဝမ်းနည်းပူဆွေးနေတာ ဖြစ်ပြီး ဒီလိုအချိန်တွေမှာ အလကားထိုင်မနေချင်တဲ့အတွက် လက်ဝှေ့ကစားသမားအဖြစ် စတင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖာဒီနန် လက်ဝှေ့လေ့ကျင့်ရေးဆင်းနေတဲ့ ပုံတွေကို ဇာတ်လမ်းတွဲရိုက်ကူးသွားမှာ ဖြစ်ပြီး ဖာဒီနန်ရဲ့ ပထမဆုံးပွဲကိုလည်း ထိုဇာတ်လမ်းတွဲထဲမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

“အားကစားအသစ်မှာ အောင်မြင်မလားဆိုတာကို ကျွန်တော် သက်သေပြရမှာ ကံစမ်းသလိုပါပဲ။ လက်ဝှေ့ဆိုတာ ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အလွန်ကောင်းမွန်တဲ့ အားကစားနည်း တစ်ခုဖြစ်ပြီး ကျွန်တော်ငယ်ငယ်ကတည်းက လက်ဝှေ့ထိုးချင်ခဲ့တာပါ။ လက်ဝှေ့သမားတစ်ယောက် ဖြစ်လာဖို့ဆို လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုဖြစ်တဲ့ အတွက် ကျွန်တော် ဒီဟာလုပ်ဖို့ လွယ်လွယ်နဲ့ ရွေးချယ်ခဲ့တာတော့ မဟုတ်ပါဘူး ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

ဖာဒီနန်ကို WBC (World Boxing Council) မစ်ဒယ်လ်ဝိတ် ချန်ပီယံဟောင်းတစ်ယောက်ဖြစ်တဲ့ ရစ်ချီ ဝုဒ်ဟော (Richie Woodhall) က  လေ့ကျင့်ပေးနေပြီး ဖာဒီနန်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ သူ့လက်ဝှေ့လေ့ကျင့်ရေးဆင်းနေတဲ့ ဗီဒီယိုတွေကို မကြာခဏ တင်လေ့ရှိပါတယ်။ ဒါ့အပြင် ဖာဒီနန်ဟာ လက်ဝှေ့ ပညာရှင်တွေကိုလည်း အပျော်သဘော စိန်ခေါ်လေ့ရှိပါသေးတယ်။

တကယ်တော့ ဘောလုံးသမားဘဝကနေ လက်ဝှေ့သမားဘဝကို ပြောင်းခဲ့တဲ့သူတွေထဲမှာ ဖာဒီနန်က ပထမဆုံးတော့ မဟုတ်ပါဘူး။  ရှက်ဖီးလ်ကွင်းလယ်လူ ကာတစ် ဝုဒ်ဟောက်စ် (Curtis Woodhouse) နဲ့ နော်ဝှစ်တိုက်စစ်မှူး လီယွန် မက်ကင်ဇီ (Leon McKenzie)တို့ လည်း  လက်ဝှေ့သမား ဘဝမှာ အောင်မြင်မှု တစ်ချို့ကို ရယူနိုင်ခဲ့ပါတယ်။

ဇနီးဖြစ်သူ ရေဘက်ကာ ကင်ဆာရောဂါနဲ့ သေဆုံးသွားတဲ့ နောက်ပိုင်း ဖာဒီနန်တစ်ယောက် ပူဆွေးမှုတွေနဲ့ နပမ်းလုံးနေရပြီး အခုလည်း  အားကစားဘက် စိတ်နှစ်ပြီး ပူဆွေးမှုကို ဖြေဖျောက်မယ်လို့ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “ကာယလေ့ကျင့်ခန်း ပုံမှန် မလုပ်တဲ့  သူဆိုရင်တော့ နားလည်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အားကစားရုံထဲမှ တစ်ရက်ကို မိနစ် ၂၀ လောက် လေ့ကျင့်လိုက်ရတဲ့ ခံစားချက်ဟာ  ကျွန်တော်အတွက် စိတ်ငြိမ်သက်စေပါတယ်။ အားကစားရုံလေးရှိနေလို့သာ ကျွန်တော် အချိန်ကုန်လို့ ကုန်သွားမှန်းမသိတာပါ။  အဲ့ဒီအချိန်တွေမှာ ကျွန်တော် ဘာကိုမှလည်း မတွေးမိတော့ပါဘူး” လို့ဖာဒီနန်က Men’s Health magazine ကို ပြောခဲ့ပါတယ်။

ဖာဒီနန်ဟာ သူ့ရဲ့ ပထမဆုံး လက်ဝှေ့ ပွဲဦးထွက်အတွက် ပြင်ဆင်နေပြီး မန်ယူ ခံစစ်ကစားသမားဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ ဖာဒီနန်တစ်ယောက် လက်ဝှေ့လောကမှာလည်း အောင်မြင်ပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ရိုးရာလေးမှ ဆန္ဒပြုလိုက်ရပါတယ်။

Ref : Independent News : Rio Ferdinand plans to become professional boxer at age 38

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top