လူသား တစ်ယောက် ဟုတ်မဟုတ် ဘယ်လို အဓိပ္ဗါယ်ဖွင့်ဆိုသလဲ

pizza-with-friends-VHZASEJ.jpg

အမေရိကန်ပြည်ထောင်စု ရောက်ရှိခဲ့စဉ်က George Mason တက္ကသိုလ်မှ သမိုင်းဘာသာရပ် ပါမောက္ခတစ်ဦးရဲ့ ဟောပြော ပို့ချချက်ကို ရရှိခဲ့ပါတယ်။ ယင်းထဲမှာ အမေရိကန်နိုင်ငံသားတို့ရဲ့ လူသားဖြစ်ကြောင်း ဘယ်လို အဓိပ္ဗါယ်ဖွင့်တယ်ဆိုတဲ့ တစ်ချက်ကို ထူးထူးခြားခြား လေ့လာဖြစ်မိခဲ့ပါတယ်။ ခြေနှစ်ချောင်း၊ လက်နှစ်ဖက်ပါရုံနဲ့ လူသားလို့ မသတ်မှတ်ပါဘူး။ လူသား တစ်ယောက် ဖြစ်ကြောင်း အောက်ပါ အချက် သုံးချက်ကို အခြေခံထားပါတယ်။

Social (ပေါင်းသင်းဆက်ဆံ နှီးနှောနေတတ်မှု)

လူသားဆိုတာ တစ်ယောက်တည်းနေခြင်း မဟုတ်ပဲ ပတ်ဝန်းကျင် အသိုက်အဝန်းဖြင့် နေထိုင်တတ်မှု ဖြစ်ပါတယ်။ တစ်ဦး တစ်ယောက်တည်း ခွဲထွက်နေခြင်းဟာ လူသား မဟုတ်ပါဘူး။ ဘယ်သူနဲ့မှ မပေါင်းသင်း မဆက်ဆံ၊ တစ်ဦးတည်း တစ်ကိုယ်တည်း ထီးထီးခြင်း ရှိနေခြင်းကလည်း လူသားလို့ မမည်စေပါဘူး။ လူသားမှန်ရင် လူမှုရေးကို လက်ခံရပါမယ်။

Controlling Animal Feeling (ရိုင်းစိုင်းသောစိတ်ကို ထိန်းချုပ်ခြင်း)

လူသားမှန်ရင် တိရစ္ဆာန် ဆန်ဆန် စိတ်များကို ထိန်းချုပ်နိုင်ရမယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်လို စိတ်ဆိုတာ သတ်လိုဖြတ်လိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဒေါသထွက်ခြင်း၊ လောဘကြီးခြင်း အစရှိသဖြင့် များစွာသောအချက်တွေ ရှိပါတယ်။ လူတိုင်းဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိသဖြင့် မကောင်းတဲ့ အကျင့်စရိုက်များစွာ ရှိပါတယ်။ ရှိနေသည့်တိုင် မိမိနဲ့အတူနေထိုင်တဲ့ လူမှုရေး ပတ်ဝန်းကျင် တစ်ခုကို ပျက်ပြားစေတဲ့အထိ မဖြစ်အောင် ထိန်းချုပ်ထားနိုင်ရုံလေး တစ်ခု ရှိတာကလည်း လူဖြစ်အောင် ခိုင်လုံစေတဲ့ တစ်ချက် ဖြစ်ပါတယ်။

ဒေါသထွက်လို့ တစ်ယောက်တည်း ဆဲဆိုနေရင် အကြောင်းမဟုတ်ပေမယ့် ဒေါသထွက်လို့ လူသွားသတ်ရင်တော့ ဒါဟာ တိရစ္ဆာန်ဆန်ဆန် စိတ်များကို မထိန်းချုပ်နိုင်သူ ဖြစ်ပါတယ်။ ဒါဟာ ဉာဏ်ရည် အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ ထိန်းချုပ်နိုင်စွမ်းသာ ဖြစ်ပါတယ်။ ပညာ ဘယ်လောက်တတ်တတ် ကြီးမားတဲ့ ရာဇဝတ်မှုကို လုပ်နေတာကို နိုင်ငံတကာမှာတင်မဟုတ် မြန်မာပြည်မှာပါ တွေ့မြင်ရပါလိမ့်မယ်။

Interest in Politic (နိုင်ငံရေး စိတ်ဝင်စားမှု)

နိုင်ငံရေးကို စိတ်မဝင်စားရင် လူမဟုတ်ကြောင်း အမေရိကန်မှာ သတ်မှတ်ပါတယ်။ လူသားမှန်ရင်၊ အမေရိကန်နိုင်ငံသားမှန်ရင် နိုင်ငံရေး စိတ်ပါဝင်စားမှု ရှိကိုရှိရမယ်ဆိုတဲ့ ခံယူချက်ကို ထည့်သွင်းပေးထားကြ ပါတယ်။ အသက် ၁၅ နှစ်လောက်ပဲ ရှိသေးတဲ့ အထက်တန်း ကျောင်းသူလေးတစ်ယောက် အမေရိကန် ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ငြင်းခုန် စကားပြောဆိုနေတာကို တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ အရေးကိစ္စဖြစ်ပြီး ဒါကို လစ်လျူရှုထားခြင်းကသာ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အချို့က စီးပွားရေးပဲလုပ်တယ် နိုင်ငံရေး စိတ်မဝင်စားဘူး အစရှိသဖြင့် ပြောဆိုတာမျိုးလည်း မိမိ ပတ်ဝန်းကျင်မှာ တွေ့မြင်ရပါတယ်။ အမှန်တော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့် အရေးပေါင်းများစွာဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်း မိမိတို့ရဲ့ ရပိုင်ခွင့်တဲ့ ပက်သက်တဲ့ ဥပဒေတွေ၊ လုံခြုံရေးနဲ့ ပက်သက်တဲ့ ဥပဒေတွေ သိထားရပါမယ်။ အခြေခံ ဥပဒေမှာ အရေးကြီးတဲ့အချက်တွေ၊ မိမိရဲ့ နေ့စဉ်ဘဝအတွက် သိရမယ့် အချက်တွေကို သိဖို့ လိုအပ်ပါတယ်။ တိုင်းပြည်မှာ ဘယ်အစိုးရပြောင်းပြောင်း ပြောင်းလဲလာတဲ့ အစိုးရအပေါ်မှာ မိမိရဲ့ အမြင်များ၊ ပြောဆိုချက်များ၊ ဝေဖန်မှုများ၊ ကူညီထောက်ပံ့မှုများ ရှိနေရပါမယ်။

တိုင်းပြည် တစ်ခုကို တည်ဆောက်တယ် ဆိုတာဟာ နိုင်ငံခေါင်းဆောင်များရဲ့ အလုပ်ချည်း သက်သက်သာ မဟုတ်ပဲ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိတယ်ဆိုတာ သိထားရပါမယ်။ နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုရင် စိတ်ဝင်စားသူများက အခွင့်ကောင်းယူပြီး မိမိရဲ့ ခံယူချက်၊ လိုအပ်ချက်တွေကို မေ့ဖျောက်သွားပါလိမ့်မယ်။ နိုင်ငံတစ်ခုမှ နေတယ်ဆိုတာ အစိုးရက ပေးအပ်လို့ နေရခြင်း မဟုတ်ပါဘူး။ နိုင်ငံသားတွေကို နိုင်ငံကို လုံခြုံ၊ တိုးတက်အောင် အစိုးရကို နေရာပေး၊ တာဝန်ပေးခြင်း ဖြစ်ပါတယ်။

တာဝန်သိတတ်တဲ့ နိုင်ငံသားဆိုတာ မိမိရဲ့ ပတ်ဝန်းကျင် နေ့စဉ်ကြုံတွေ့တဲ့ ဘဝမှာ နိုင်ငံအတွက် ကောင်းတာ လုပ်ပေးနေခြင်းအပြင်၊ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေဖို့ မဲပေးခြင်း၊ အစိုးရဟာ ရွေးကောက် တင်မြောက်ပေးခြင်း၊ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်း၊ အစရှိသဖြင့် လုပ်ဆောင်ချက်များကို လိုအပ်သလို ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဒါတွေဟာ ပြုလုပ်ခွင့် မရအောင် ပိတ်ပင်ခဲ့ပေမယ့် ယနေ့ ဒီမိုကရေစီတိုင်းပြည် အနေအထားမှာ လူတိုင်း နိုင်ငံရေးကို စိတ်ပါဝင်စားကြဖို့ ဆန္ဒပြု တိုက်တွန်းရေးသား လိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top