ဟယ်လင်ကယ်လာ Helen Keller လို့ ပြောလိုက်ရင် မြန်မာ့လူ့အသိုင်းအဝိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ သူမရဲ့ အတ္ထုပတ္တိ ကို မြန်မာ့ ကျောင်းသင်ရိုးညွှန်းတမ်းတွေရဲ့ ဒဿမတန်း အင်္ဂလိပ်ဘာသာရပ်ထဲမှာ ထည့်သွင်း သင်ကြားခဲ့ကြလို့ ဖြစ်ပါတယ်။ နောက်ထူးခြားချက်ကတော့ သူမ အနေနဲ့ မြန်မာနိုင်ငံကို ၁၉၅၅ခုနှစ်မှာ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။ သူမရဲ့ ထူးခြားချက်ကတော့ သူမဟာ မျက်မမြင် ဖြစ်တဲ့ အပြင် အကြားအာရုံလည်းချို့ တဲ့သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒီအချက်တွေကိုကြည့်ရင် သူမမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားမယ်လို့ သင်ထင်နေကောင်း ထင်နေမယ်။ ထူးဆန်းစွာဖြင့် သူမဟာ သာမန် လူကောင်းတစ်ယောက်နဲ့ တန်းတူ ဖြစ်ရုံသာမက လူ့ အသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့တဲ့ မသန်စွမ်း သူရဲကောင်းအမျိုးသမီးလို့ တင်စားရင်လည်း မမှားဘူးလို့ မြင်မိပါတယ်။
ဟယ်လင်ကယ်လာ ဟာ ပထမဦးဆုံးသော အကြားအမြင် ချို့ တက်တဲ့ဝေဒနာရှင် တစ်ယောက်အနေနဲ့ Bachelor of Arts (ဝိဇ္ဇာ) ဘွဲ့ ကို ရရှိခဲ့တဲ့ အမေရိကန်လူမျိုးဖြစ်ပါတယ်။ ဒါဟာ အံ့အားသင့်စေမှာအမှန်ပါ။ သာမန်လူတောင် ဘွဲ့ ကိုရနိုင်တဲ့ အနေအထားမှာ မရှိပေမယ့် သူလို့ ဘဝအခက်အခဲပိုရှိတဲ့လူက ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့တာ မယုံနိုင်စရာဖြစ်ပြီး လေးစားအားကျစရာဖြစ်ပါတယ်။
ဟယ်လင် ကို အမေရိကန်ပြည်ထောင်စု၊ တက်ကမ်ဘီးယား၊ အယ်ဘားမား မှာမွေးဖွားခဲ့ပါတယ်။ မွေးဖွားခဲ့စဉ်အချိန်မှာတော့ သူမဟာ ချမ်းသာကြွယ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုမှာရှင်သန်ခဲ့ရပါတယ်။ သို့ သော်လည်း မိသားစု ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝမှုတွေဟာ ပြည်တွင်းစစ်အတွင်းမှာ အမြောက်အများဆုံးရှုံးခဲ့ရပြီး စားနိုင်သောက်နိုင်တဲ့ သာမန်မိသားစုလေး အဖြစ်နဲ့ ရပ်တည်ခဲ့ရပါတယ်။ သူမရဲ့ အဖေ အာသာ Arthur ကတော့ စစ်မှုထမ်းဟောင်းဖြစ်ပြီး သတင်းစာတိုက်မှာအလုပ်လုပ်ပါတယ်။ အမေ ကိတ် Kate ကတော့ သူမကို ထိန်းကျောင်းပြုစုပြီး အိမ်မှုကိစ္စတွေလုပ်ပါတယ်။
ကျယ်ဝန်းတဲ့ ဥယာဉ်မြေကို မိသားစု ပိုင်ဆိုင်ထားပြီး ဟယ်လင် တစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာခဲ့ရပါတယ်။ သူမအနေနဲ့ ဘဝကို အဆင်ပြေချောမွေ့ စွာ နေထိုင်မယ်လိုပဲ တွေးထားမိပါတယ်။ ဒါပေမယ့် ကံတရားက ဘယ်သူကြိုမြင်နိုင်မှာလဲ။…. ကံကြမ္မာဆိုးက သူမ ၁၉ လ သမီးအရွယ်မှာ စတင်ကျရောက်ခဲ့ပါတော့တယ်။ သူမဟာ အမည် မသိတဲ့ ရောဂါ တစ်ခုကြောင့် သူမဘ၀ အမှောင်ကျ ခဲ့ရပါတော့တယ်။ သူမဟာ ထိုရောဂါကြောင့်ပဲ အကြား အမြင် နှစ်ခုစလုံး ဆုံးရှုံး ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာဖြင့်အသက်ရှင်ခဲ့ပြီး မသန်စွမ်းတစ်ယောက်ဖြစ်ခဲ့ရတယ်။ ထိုရောဂါကိုတော့ လူတွေက ဝက်သက် လို့ ထင်ကြေးပေးခဲ့ကြတယ်။ ဒီလိုနဲ့ ခက်ခက်ခဲခဲ ကလေးဘဝကနေ အရွယ်ရောက်လာသည်အထိ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ ဘဝကို အမှောင်ထု လို့ ပဲ မြင်ခဲ့ရသောကြောင့်ပင်။
ဆရာမ Anne Sullivan နဲ့ ဟယ်လင် တို့ တွေ့ မိကြခြင်း
ဒီလိုနဲ့ သူ့ မရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲ သွားစေမယ့်အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ တက်ကမ်ဘီးယား ကိုဆရာမ အဖြစ်ရောက်ရှိလာတဲ့သူ ဆရာမ Anne Sullivan နဲ့ ဟယ်လင်ကယ်လာ တို့ တွေဆုံမိကြခြင်းပင်ဖြစ်ပါတယ်။ ဆရာမ Anne ဟာ Parkins မျက်မမြင်ကျောင်းက ဘွဲ့ ရ ကျောင်းဆင်းတစ်ယောက်ပါ။ အဲ့ဒီအချိန်က အသက်အရွယ်အားဖြင့် ၂၀ နှစ်ရှိပါပြီး။ ဆရာမ Anne ဟာလည်း မျက်မမြင်ဖြစ်ဖူးခဲ့ပေမယ် ခွဲစိတ်မှုကြောင့်ပြန်လည်မြင်ရခဲ့ပါတယ်။ ဒီလိုအတွေ့ အကြုံတွေကြောင့် ဟယ်လင်ကယ်လာ လေးကို အကောင်းဆုံးကူညီစောင့်ရှောက်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။
၁၈၈၇ ခုနှစ် မတ်လ ၃ ရက်နေ့ မှာ ဆရာမ Anne ဟာ ဟယ်လင် နဲ့ အနီးကပ် နှစ်ပေါင်း ၅၀ ကျော်အောင် ပြုစုပေးခဲ့ပါတယ်။ ထိုကူညီနေခဲ့စဉ်အတွင်း ဆရာမ Anne ဟာ ဟယ်လင် လေးကို အဓိက သင်ကြားပေးတဲ့အရာကတော့ လိုက်နာ တတ်မှု နဲ့ ချစ်ခြင်းမေတ္တာတွေ ပဲ ဖြစ်ပါတယ်။ ဟယ်လင် လေးကို ဆရာမ က စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ပါတယ်။
ဟယ်လင်ကယ်လာ ရဲ့ ပထမဆုံး သင်ကြားခဲ့ရတဲ့ စကားလုံးများ
ပထမဆုံး ဟယ်လင် စသင်ခဲ့ရတာကတော့ အရုပ် ကို ပေါင်းနည်းပါ။ D-O-L-L ဆိုပြီး ပေါင်းခဲ့ရတယ်။ ဆရာမက အရုပ်လေး လက်ထဲကို ပေးကိုင်ပြီး စာလုံးကို နှိပ်ခိုင်းစေပါတယ်။ နောက်ပြီးတော့ ဆရာမ Anne ဟာ ဟဲလင်လေးကို ရေ နဲ့ ထိတွေ့ စေပြီး W-A-T-E-R ဆိုပြီး စကားလုံးပေါင်းခိုင်းစေပါတယ်။ တစ်ဖြည်းဖြည်း ခြင်း သင်ခဲ့ရပြီး ထပ်ခါ တလဲလဲ လေ့ကျင့်စေပါတယ်။ ဒီလိုနဲ့ ဟယ်လင် ရဲ့ ခေါင်းထဲမှာ ရေဆိုတဲ့ အရာ ဟာ သူမရဲ့ လက်ပေါ်မှာ အေးမြပြီး စီးဆင်းစေတဲ့ အရာဝတ္ထုဖြစ်တယ်ဆိုတာပါပဲ။ ဒီလိုနဲ့ သူမဟာ နားလည်လာပြီး နောက်ထပ် စကားလုံး ၃၀ ကျော်ကိုလည်း သင်ကြားခဲ့ရပါတယ်။ သူမဟာ အင်္ဂလိပ်ဗျည်းအက္ခရာတွေကို ကျွမ်းကျင်စွာ ရေးတတ်ဖတ်တာလာခဲ့ပါတယ်။ လက်ရေးအရ ကော ပုံနှိပ်လက်ရေးနှစ်မျိုးစလုံးကိုနားလည်ခဲ့ပါတယ်။
အသင်အပြတော်တဲ့ ဆရာမ Anne နဲ့ ဉာဏ်ရည်ကောင်းမွန်တဲ့ ဟယ်လင်တို့ ပေါင်းစပ်သင်ကြားခဲ့ရာမှ ဟယ်လင်လေးဟာ နောက်ပိုင်းမှာ စာအုပ်တစ်အုပ် လုံး တောင်ဖတ်တတ်ခဲ့ပါတယ်။ ထိုစာအုပ်ဟာ မျက်မမြင်များ ဖတ်ဖို့ အတွက် လက်ဖြင့် စမ်း၍ ဖတ်ရသော စာအုပ်ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု အသိဝင်လာတာက ကျွန်တော်တို့ ပြင်ပမှာ သန်စွမ်းတဲ့ လူတွေတောင် ရာနှုန်းပြည့် စာဖတ်မတတ်တဲ့သူရှိကြပါတယ်။ ဒါပေမယ့် ဟယ်လင်လေး ဟာ ဆရာမရဲ့ အသင်အပြကောင်းမှုတွေကြောင့် အောင်မြင်မှု လမ်းကြောင်းကိုရောက်ခဲ့ရပါတယ်။ ဒီလိုလဲ အသက် ၁၀ နှစ်အရွယ်မှာ ဟယ်လင် ဟာ စာစီစာရိုက်တတ်နေပါပြီး။ သို့ သော် သူမ စကားပြောတတ်ချင်နေပြန်ပါတယ်။
ဟယ်လင်ကယ်လာ စကားပြောနည်းကို ဘယ်လိုသင်ယူခဲ့လဲ
ဟယ်လင် လေးဟာ နားမကြားသူတွေကို သင်ပေးတဲ့ ဆရာမ Sarah Fuller နဲ့ စကားပြောနည်းကို သင်ကြားခဲ့ပါတယ်။ သူမဟာ ဆရာမရဲ့ နှုတ်ခမ်းကို လက်ဖြင့်ထိကာ အသံတုန်ခါမှု တွေကို လက်ဖြင့် အာရုံခံပြီး အသံထွက်လာမှုကို ခံစားစေပါတယ်။ ဒီလိုနဲ့ စကားလုံး နည်းနည်းခြင်း စီ ထိတွေ့ သင်ကြားပြီး နောက်ပိုင်းမှာတော့ စကားလုံးတွေကို ကျွမ်းကျင်စွာ ပြောတတ်လာခဲ့ပြီဖြစ်ပါတယ်။
ကျောင်းတက်ခြင်း
ဟယ်လင်ကယ်လာဟာ အသက် ၁၆ နှစ်မှာ မန်ဆယ်ချူးဆက် ပြည်နယ်မှာရှိတဲ့ Radcliffe College မိန်းကလေး ကောလိပ်မှာ စတင်တက်ရောက်ခဲ့ပါတယ်။ ဆရာမ Anne ကလည်း ဟယ်လင်နဲ့ တူတူကျောင်းမှာ သွားရောက်ကူညီသင်ပေးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဟယ်လင်ဟာ ၁၉၀၅ ခုနှစ်မှာ Redcliffe ကောလိပ်ကနေ ဂုဏ်ထူးတန်း ဖြင့် ဘွဲ့ ရခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဘဝမှာတင်မက မျက်မမြင်နဲ့ အကြားအာရုံချို့ တက်တဲ့ ဝေဒနာရှင် လောက အတွက် အကြီးမားဆုံး အောင်မြင်မှုမှတ်တိုင် ကို ဟယ်လင် ပထမဦးဆုံး ရယူပေးနိုင်ခဲ့ပါတယ်။
စာရေး ဆရာမ အဖြစ်လုပ်ကိုင်ခြင်း
ဟယ်လင် အနေနဲ့ ကောလိပ်တက်စဉ်အတွင်း သူမဟာ သူမရဲ့ ခံစားနေရတဲ့ ဝေဒနာအကြောင်းကို စတင်ရေးသားခဲ့ပါတယ်။ Ladies’ Home Journal မှာ သူမ ပထမအကြိမ်ရေးသားခဲ့တဲ့ ဆောင်းပါး မှတ်စုများ၊ အာဘော်များ ကို ထည့်သွင်းရေးသားခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့ ဆောင်းပါးအာဘော်များကို တစ်စုတည်းပေါင်းချုပ်ပြီး The Story of My Life (ကျွန်မရဲ့ ဘဝ) ဆိုတဲ့ ခေါင်းစဉ်အဖြစ် စာအုပ်ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းနှစ် အနည်းငယ် အကြာ ၁၉၀၈ ခုနှစ်မှာ သူမ The World I Live In(ကျွန်မနေထိုင်တဲ့ဘဝ) ဆိုပြီး စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြန်ပါတယ်။
အများအတွက် အလုပ်လုပ်ကိုင်ခြင်း
ဟယ်လင်အနေနဲ့ အရွယ်ရောက်လာတာနဲ့အမျှ သူမလိုမျိုး ခံစားနေရတဲ့ဝေဒနာရှင်များကို အရမ်းကူညီချင်တဲ့ စိတ်ပေါက်ဖွားလာခဲ့ပါတယ်။ သူမလို ဝေဒနာရှင်များကို မျှော်လင့်ချက်တွေ ရှိလာအောင် ကူညီပေးချင်ခဲ့ပါတယ်။ သူမဟာ ဆက်လက်ပြီး American Foundation for the Blind(အမေရိကန်မျက်မမြင်အသင်း) နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ မှာ လုပ်ကိုင်စဉ်အတွင်း နိုင်ငံပေါင်းများစွာ ကို သွားရောက်ခဲ့ပြီး မိတ်ခွန်းများ၊ ခွန်အားများ ကို ပြောကြားခဲ့ပြီး ရန်ပုံငွေများကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဟယ်လင်ကယ်လာ ၁၉၅၅ ခုနှစ်မှာ လာရောက်လည်ပတ်ခဲ့ပြီး မသန်စွမ်း သူတွေကို အားပေး ကူညီမှုတွေက ပြုလုပ်သွားခဲ့ဖူးပါတယ်။ တစ်ခြားအာရှ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ ကိုးရီးယား၊ပါကစ်စတန်၊ ဆီးရီးယား၊ အစ္စရေး၊ တို့ အပြင် ဥရောပ၊ အာဖရိက၊ သြတတြေးလျ၊ တောင်အမေရိက ရှိနိုင်ငံများကိုလည်း သွားရောက်လည်ပတ် အသိပညာပေးဝေခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ သူမဟာ ဒဏ်ရာရ စစ်သားတွေဆီ စိတ်ဓာတ်မကျပဲ သွားရောက်နှစ်သိမ့်အားပေးခဲ့ပါတယ်။ သူမရဲ့ ဘဝတစ်လျှောက်လုံး မျက်မမြင် ဆွံ့ အနားမကြား မသန်စွမ်း ဝေဒနာရှင်များအတွက် ဘဝများ မြှင့်တင်ပေးပြီး၊ ပညာပေးခြင်းများဖြင့် နားလည်လက်ခံတတ်လာအောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။
ဘဝရဲ့ နောက်ဆုံးနှစ်များ နဲ့ ဆုတံဆိပ်ရရှိမှုများ
ဟယ်လင်ကယ်လာ အနေနဲ့ ၁၉၆၁ မှာ လေဖြတ်ရောဂါများ မကြာခဏ ကြုံတွေ့ ခဲ့ရပြီး အိမ်တွင်း၌သာ အချိန်ကုန်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ရက် ၁၉၆၄ ခုနှစ်မှာ ဟယ်လင်ဟာ အမေရိကန်နိုင်ငံရဲ့ ၃၆ယောက်မြောက် သမ္မတ Lyndon B. Johnson ကပေးတဲ့ သမ္မတအဆင့်ပေးအပ်တဲ့ လွတ်လပ်ခြင်းဆိုင်ရာ အဆင့်မြင့်ဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါတယ်။ ဒီဆုဟာ အမေရိကန်နိုင်ငံ ရဲ့ အမြင့်ဆုံး နိုင်ငံသား ဂုဏ်ထူးဆောင်ဆု ၂ဆုထဲက ၁ဆုဖြစ်ပါတယ်။ ဆက်လက်ပြီး ဟယ်လင်ဟာ နယူးယောက် မြို့မှာရှိတဲ့ National Women’s Hall of Fame (လူထုအကျိုးပြုလုပ်ဆောင်သူများမှတ်တမ်းဝင်) မှာစာရင်း ထည့်သွင်း ဂုဏ်ပြုခံရပါတယ်။ ဝမ်းနည်းစွာဖြင့် သူမရဲ့ အသက် ၈၈နှစ်ပြည့်ဖို့ ရက်သတ်တစ်ပတ် အနည်းငယ်အလိုမှာ သူမဟာ ဇွန်လ ၁ ရက်နေ့ ၁၉၆၈ မှာ အိပ်နေစဉ်အတွင်းမှာ သူမရဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
သူမဟာ လူသားအားလုံးရဲ့ စံထားထိုက်သူ သူရဲကောင်းတစ်ဦးဆိုရင်လည်းမမှားပါဘူး။ အမှောင်ကမ္ဘာထဲကနေ သူမ အလင်းရရှိအောင် ဖောက်ထွက်ကြိုးစားခဲ့ပြီး မဖြစ်နိုင်တဲ့ အရာတွေကို ဖြစ်အောင်ပြုလုပ်ခဲ့ပါတယ်။ သူမဟာ လူ့ သမိုင်းမှာ မော်ခွန်းထိုး စံပြု ထိုက်သူမဟုတ်ပါလား.. ဒါကိုပြီးဆုံးအောင်ဖတ်ရင်း… ကျွန်တော်တို့ အားလုံးဟာ မတူကွဲပြားစွာ စွမ်းဆောင်နိုင်ကြပါတယ် ဆိုရင်း….သူမကို အတုယူနိုင်ကြပါစေ။
Ref:Biography.com
Thar Htoo (ရိုးရာလေး)